စတီဗင်ဂျရတ်ကို ကျော်ဖြတ်ပြီး လီဗာပူးအသင်းအတွက် ဂိုးဖန်တီးမှုစံချိန်သစ်တင်နိုင်ခဲ့တဲ့ မိုဆာလက်
ဘရန့်ဖို့ဒ်နဲ့ပွဲစဉ်မှာ လီဗာပူးအတွက် ၉၃ ကြိမ်မြောက် ဂိုးဖန်တီးမှုကို ပြုလုပ်ပေးနိုင်ခဲ့ပြီးနောက် မိုဟာမက်ဆာလာက အသင်းရဲ့ ပရီးမီးယားလိဂ်စံချိန်သစ်တစ်ခုကို ချမှတ်နိုင်ခဲ့ပါတယ်။
အန်ဖီးလ်ကွင်းမှာ ကစားခဲ့တဲ့ လီဗာပူးကစားသမားဘ၀နောက်ဆုံးပွဲစဉ်မှာ အီဂျစ်တိုက်စစ်မှူးက ပွဲချိန် ၅၇ မိနစ်၊ ကာတစ်ဂျုံးစ်ရဲ့သွင်းဂိုးကို ဖန်တီးပေးခဲ့ပြီး အန်းစလော့ရဲ့အသင်းကို ဦးဆောင်ဂိုးရရှိစေခဲ့ပါတယ်။
ဒီဂိုးဖန်တီးမှုကြောင့် သူက စတီဗင်ဂျရတ်တင်ရှိထားတဲ့ ဂိုးဖန်တီးမှု ၉၂ ကြိမ်ဆိုတဲ့ စံချိန်ဟောင်းကို ကျော်ဖြတ်ကာ ပရီးမီးယားလိဂ်မှာ လီဗာပူးအတွက် ဂိုးဖန်တီးမှုအများဆုံးပြုလုပ်သူအဖြစ် တစ်ဦးတည်း ရပ်တည်နိုင်ခဲ့ပါတယ်။
အခုလို မှတ်တိုင်သစ်စိုက်ထူနိုင်ခြင်းက မိုဆာလက်ကို ပရီးမီးယားလိဂ်ခေတ်၊ လီဗာပူးအသင်းသမိုင်းတစ်လျှောက် အကောင်းဆုံးသွင်းဂိုးဖန်တီးရှင်တွေအနက် တစ်ဦးဖြစ်တယ်ဆိုတာ ထပ်မံသက်သေပြလိုက်နိုင်ပါတယ်။
အခုအောင်မြင်မှုက သွင်းဂိုးစံချိန်တွေ၊ တစ်ဦးချင်းဆုတံဆိပ်တွေနဲ့ အဓိကဖလားကြီးတွေကို ပိုင်ဆိုင်ထားတဲ့ မိုဆာလက်ရဲ့လီဗာပူးကစားသမားဘဝ အောင်မြင်မှုတွေအနက် နောက်ထပ်အောင်မြင်မှုတစ်ခုဖြစ်ပြီး အန်ဖီးလ်မှာ သူပေးစွမ်းနိုင်ခဲ့တဲ့ အကျိုးသက်ရောက်မှုတွေကို ပိုမိုထင်ရှားစေပါတယ်။
မိုဆာလက်က လီဗာပူးအသင်းနဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ ကြိမ်၊ ချန်ပီယံလိဂ် ၁ ကြိမ်၊ ကမ္ဘာ့ကလပ်များဖလား ၁ ကြိမ်၊ အက်ဖ်အေဖလား ၁ ကြိမ်၊ ဥရောပစူပါဖလား ၁ ကြိမ်၊ လိဂ်ဖလား ၂ ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ ကြိမ်တို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။