ရော်နယ်ဒိုလိုပဲ မိုဆာလက်ရဲ့ပြောစကားတွေ မှန်ကန်လာနိုင်တယ်ဆိုတာ သက်သေပြသွားနိုင်လိမ့်မယ်လို့ အီဗရာသုံးသပ်
မန်ချက်စတာယူနိုက်တက်ဂန္ထဝင်ကစားသမားပက်ထရစ်အီဗရာက လီဗာပူးကြယ်ပွင့်မိုဆာလက်ရဲ့အန်ဖီးလ်မှထွက်ခွာခန်းအပေါ် မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။
၂၀၂၂ ခုနှစ်၊ မန်ချက်စတာယူနိုက်တက်မှ စီရော်နယ်ဒိုထွက်ခွာသွားချိန်မှာလည်း ပေါ်တူဂီကြယ်ပွင့်က အသင်းအပေါ် အသင်းပိုင်ရှင်ဂလေဇာမိသားစု ဂရုမစိုက်ဘူးဆိုတဲ့အချက်နဲ့ အသင်းရဲ့သစ္စာဖောက်မှုကို ခံစားခဲ့ရတယ်ဆိုတဲ့အချက်တွေအပါအဝင် ပြင်းထန်တဲ့စွပ်စွဲပြောဆိုမှုတွေ အများအပြားပြုလုပ်ခဲ့ပါတယ်။
မိုဆာလက်ကလည်း သူ မထွက်ခွာခင်မှာ လီဗာပူးအသင်းကို "အရင်လို အရှိန်အဟုန်ပြင်းတဲ့ တိုက်စစ်ဆင်ကစားပုံ (heavy metal football) ဆီ ပြန်သွားစေချင်တယ်" လို့ ပြောကြားခဲ့သလို နည်းပြအန်းစလော့ရဲ့နည်းစနစ်တွေကိုလည်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီး စီရော်နယ်ဒိုနဲ့ အလားသဏ္ဍာန်တူတဲ့ ထုတ်ပြန်ချက်မျိုး ပြုလုပ်ခဲ့ပါတယ်။
လတ်တလော Stake နဲ့ အင်တာဗျူးမှာ အီဗရာက ဒီကစားသမားနှစ်ဦးကို နှိုင်းယှဉ်ပြခဲ့ပြီး ရော်နယ်ဒိုထွက်ခွာသွားပြီးနောက် ယူနိုက်တက်အသင်း အခြေအနေပျက်သွားခဲ့သလိုမျိုး မိုဆာလက်ရဲ့ ပြောကြားချက်တွေလည်း မှန်ကန်တယ်ဆိုတာ နောက်ပိုင်းမှာ သက်သေပြနိုင်လိမ့်မယ်လို့ ဆိုပါတယ်။
"ဒါက မိုဆာလက်နဲ့ အန်းစလော့တို့အကြား ပြဿနာဖြစ်ပြီး အားမလိုအားမရဖြစ်မှုတွေ အများကြီး ရှိနေနိုင်ပါတယ်။ လူတွေကတော့ ကိုယ့်အသင်းအပေါ် မကောင်းမပြောသင့်ဘူးလို့ ဆိုကြပေမဲ့ ဒါ ဆာလာ မြင်တွေ့နေရတဲ့ အမြင်ဖြစ်နိုင်ပါတယ်" လို့ အီဗရာက ပြောပါတယ်။
"ခရစ္စတီယာနိုရော်နယ်ဒိုတုန်းကလည်း ဒီလိုပါပဲ၊ သူ ထွက်သွားတဲ့အခါ အရာအားလုံးက သူပြောတာ မှန်တယ်ဆိုတာ သက်သေပြခဲ့ပါတယ်။ တကယ်တော့ ကစားသမားတွေ သူတို့ခံစားချက်ကို ပွင့်ပွင့်လင်းလင်း ပြောတယ်ဆိုတာ ပိုကောင်းပါတယ်။ မီဒီယာတွေကို ဖြေကြားတဲ့အခါတိုင်း ကိုယ့်အသင်းကို ဆန့်ကျင်ပြီး မပြောသင့်ဘူးဆိုတာ ကျွန်တော် သိပါတယ်"
"ဒါပေမဲ့ နောက်ဆုံးမှာတော့ လီဗာပူးကိုယ်တိုင် မိုဆာလက်ပြောဆိုချက် မှားတယ်ဆိုတာ သက်သေပြနိုင်ဖို့ လာမယ့်နှစ်မှာ ပရီးမီးယားလိဂ်ဖလားရအောင် ယူပြရပါလိမ့်မယ်။ အဲဒီအခါကျမှ မိုဆာလက်ရဲ့ ဝေဖန်မှုတွေ မှားယွင်းပြီး အီဂျစ်တိုက်စစ်မှူးကိုယ်တိုင်ကသာ ပြဿနာဖြစ်နေတယ်ဆိုတာ သိသွားပါလိမ့်မယ်။ ဒါပေမဲ့ ဒီလိုမျိုးထုတ်ဖော်ပြောဆိုလာတဲ့ ကစားသမားတွေရဲ့အမြင်က မှားခဲပါတယ်"
"မိုဆာလက်က လီဗာပူးမှ အဆိုးရွားဆုံးပုံစံနဲ့ ထွက်ခွာသွားတာပါ။ ဒါ ကျွန်တော်တို့ သိထားတဲ့ မိုဆာလက် မဟုတ်ပါဘူး၊ မိုဆာလက်ဆိုတာ စတီဖင်ဂျရတ်လိုပဲ ဒီအသင်းအတွက် ကစားပေးနေသူ ဖြစ်ပါတယ်။ ဒါကြောင့် ပရိသတ်တွေရဲ့စိတ်ပျက်မှုကို ကျွန်တော် နားလည်ပါတယ်။ အရာအားလုံး ပြီးသွားပါပြီ။ တချို့ကိစ္စတွေက ကောင်းမွန်တဲ့ အဆုံးသတ်မျိုး ရှိတတ်ပေမဲ့ သူကတော့ ဆိုးရွားတဲ့ပုံစံနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒါက လီဗာပူးနဲ့ မိုဆာလက်တို့ကြား ဖြစ်ပျက်ခဲ့တဲ့ အခြေအနေပါပဲ"လို့ အီဗရာက ဆက်လက်သုံးသပ်ခဲ့ပါတယ်။
မိုဆာလက်က ပြီးခဲ့တဲ့မတ်လအတွင်း၊ လီဗာပူးမှထွက်ခွာတော့မယ်လို့ ကြေညာခဲ့ပြီး ဘရန့်ဖို့ဒ်နဲ့သရေကျခဲ့တဲ့ရာသီပိတ်ပွဲစဉ်ကို အန်ဖီးလ်ကွင်းနှုတ်ဆက်ပွဲအဖြစ် ပါဝင်ကစားခဲ့ပါတယ်။