ခက်ခဲတဲ့ပွဲစဉ်ကနေ သင်ခန်းစာယူဖို့ အာဆင်နယ်ကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ အာတီတာ
အာဆင်နယ်နည်းပြ မီကယ်အာတီတာတစ်ယောက် ဘရန်ဖို့ဒ်ကွင်းမှာ ဦးဆောင်ဂိုးရထားလျက်နဲ့ သရေကျခဲ့ရတာကြောင့် နောင်တရနေပါတယ်။
ပွဲချိန် တစ်နာရီကျော်မှာ နိုနီမာဒူကီရဲ့ ဂိုးနဲ့ အာဆင်နယ်က ဦးဆောင်နိုင်ခဲ့လို့ ၅ ပွဲဆက်နိုင်ပွဲရတော့မယ်လို့ ထင်ခဲ့ရပေမဲ့ ဘရန်ဖို့ဒ်ရဲ့ နာမည်ကြီး long throw လက်နက်က အလုပ်ဖြစ်သွားခဲ့ပါတယ်။
မိုက်ကယ်ကာယိုဒီရဲ့ လက်ပစ်ဘောကနေ လူးဝစ်ပေါ်တာက ချေပဂိုး သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ပွဲအပြီးမှာ အာတီတာက "တကယ့်ကို ခက်ခဲတဲ့ ပွဲတစ်ပွဲပါ။ တစ်ပွဲလုံး သူတို့ကို စိုးမိုးထားဖို့ဆိုတာ မလွယ်ဘူးဆိုတာ သိပါတယ်။
သူတို့က ကိုယ့်ကို သူတို့ဖြစ်စေချင်တဲ့ ကစားကွက်ထဲ ရောက်အောင် ဆွဲခေါ်နိုင်တဲ့နေရာမှာ တကယ်တော်ကြတယ်။
ပထမ ၁၀ မိနစ်၊ ၁၅ မိနစ်လောက်မှာ ကျွန်တော်တို့ ရုန်းကန်ခဲ့ရပေမဲ့ နောက်ပိုင်းမှာ ပြန်ကောင်းလာခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့ရဲ့ အရှိန်အဟုန်၊ ရည်မှန်းချက်တွေနဲ့အတူ အခွင့်အရေးတွေ အများကြီး ဖန်တီးပြီး ပွဲကို စိုးမိုးနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ ကျွန်တော့်အမြင်အရ ဂိုးပေါက်တည့်မှု နည်းခဲ့သလို အခွင့်အရေးတော်တော်များများကိုလည်း အဆုံးမသတ်နိုင်ခဲ့ပါဘူး။ ဂိုးရသွားတဲ့ အချိန်မှာတော့ ပွဲက လုံးဝ ကျွန်တော်တို့ ထိန်းချုပ်မှုအောက် ရောက်သွားခဲ့တာပါ" လို့ ပြောခဲ့ပါတယ်။
ဆက်လက်ပြီး အာတီတာက"အဲဒီနောက်မှာ စည်းကမ်းရှိရှိ ကစားဖို့နဲ့ ပြိုင်ဘက်ကို ပြစ်ဒဏ်ဘောတွေ မပေးမိဖို့ လိုပါတယ်။ ဘောလုံးကို ရှင်းထုတ်တဲ့နေရာမှာ၊ အထူးသဖြင့် ဘေးတိုက်ပေးပို့မှုတွေကို သေချာရှင်းထုတ်နိုင်ရမယ်။ အဲဒီလို မလုပ်နိုင်ဘဲ ပြစ်ဒဏ်ဘောတွေ ဒါမှမဟုတ် လူပေးပစ်ချက်တွေ ပေးလိုက်ရပြီဆိုရင်တော့ အသက်နဲ့လဲပြီး ကာကွယ်ရတော့မှာပဲ။ အဲဒီလို ပြစ်ဒဏ်ဘောတွေကို ဆက်တိုက် ကာကွယ်နေရပြီဆိုရင် ပွဲထဲကနေ ရုန်းထွက်ဖို့ တကယ်ခက်သွားပါပြီ။ သူတို့ ဂိုးသွင်းပြီးသွားတဲ့နောက်မှာတော့ နှစ်ဖက်စလုံး ပွင့်ပွင့်လင်းလင်း ကစားလာကြလို့ ဘယ်သူမဆို နိုင်သွားနိုင်တဲ့ အနေအထားပါ။ ပွဲပြီးခါနီးမှာ ဂါဘီ (မာတင်နယ်လီ) ရခဲ့တဲ့ အခွင့်အရေးနဲ့ ကျွန်တော်တို့ နိုင်သွားနိုင်ပေမဲ့ ကံမကောင်းစွာနဲ့ပဲ ဖြစ်မလာခဲ့ပါဘူး" လို့ ရှင်းပြခဲ့ပါတယ်။
လာမယ့် တနင်္ဂနွေနေ့မှာ ဝီဂန်အသင်းနဲ့ အက်ဖ်အေဖလားပွဲ ကစားရတော့မှာဖြစ်လို့ အာတီတာက အမြန်ဆုံး ပြန်လည်ပြင်ဆင်ပြီး ဘရန်ဖို့ဒ်နဲ့ပွဲက အားနည်းချက်၊ အားသာချက်တွေကို ပြန်ဆန်းစစ်ချင်နေပါတယ်။
အာတီတာက ရာသီကုန်ခါနီးမှာ ပြိုင်ပွဲ ၄ ခုလုံးမှာ ဆက်လက်ယှဉ်ပြိုင်ခွင့် ရှိနေသေးတာကြောင့် ဆုဖလားတွေ ရယူနိုင်ဖို့အတွက် အမှားတွေကနေ သင်ခန်းစာယူဖို့ တိုက်တွန်းထားပါတယ်။
အာတီတာက"ကျွန်တော်တို့ ဘာတွေလုပ်ခဲ့လဲဆိုတာ ပြန်ကြည့်ရပါမယ်။ အထူးသဖြင့် ဂိုးဧရိယာထဲမှာ အခုထက် ပိုကောင်းအောင် လုပ်သင့်တယ်ဆိုတာ သိပါတယ်။ နိုင်ချင်တယ်ဆိုရင် ကိုယ့်ဘက်ကို ရောက်လာတဲ့ ဘောလုံးတွေကို အကောင်းဆုံး ကာကွယ်နိုင်ရမယ်၊ ဘာလို့လဲဆိုတော့ ပြိုင်ဘက်က အခွင့်အရေး သေးသေးလေးကနေတောင် ဂိုးသွင်းနိုင်လို့ပါ။ ကျွန်တော်တို့ ရှေ့ဆက်သွားရမယ်၊ ရလာတဲ့ အမှတ်ကို ယူရမယ်။ တချို့နေရာတွေမှာ တိုးတက်အောင် သင်ယူရမှာ သေချာပေမဲ့ နောက်ထပ်ယှဉ်ပြိုင်ရမယ့် ပြိုင်ပွဲအတွက်လည်း ကျွန်တော်တို့ တကယ်ကို စိတ်အားထက်သန်နေပါတယ်" လို့ သူက ပြောကြားသွားပါတယ်။