The network connection is lost.

Banner Image

ဘရန်ဖို့ဒ်တိုက်စစ်မှူး သီယာဂိုကို အသင်းကြီးတွေ စိတ်ဝင်စားလာမယ်လို့ နည်းပြ အန်ဒရူးစ် ခန့်မှန်း

ဘရန်ဖို့ဒ်အသင်းရဲ့ နည်းပြဖြစ်သူ ကိတ်အန်ဒရူးစ်က သူတို့အသင်းရဲ့ ကြယ်ပွင့်တိုက်စစ်မှူး အီဂေါ်သီယာဂိုကို ဒီနွေရာသီမှာ တခြားကလပ်အသင်းတွေက ခေါ်ယူဖို့ စိတ်ဝင်စားလာကြလိမ့်မယ်ဆိုတာကို ကြိုတင်သိရှိထားပါတယ်။ အန်ဒရူးစ်က သီယာဂိုအနေနဲ့ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ဘရာဇီးအသင်းရဲ့ လူစာရင်းမှာ ရွေးချယ်ခံရလိမ့်မယ်လို့လည်း မျှော်လင့်နေတာပါ။

"သူ ဖြတ်သန်းလာတဲ့ ခရီးလမ်းမှာ ကျွန်တော်တို့လည်း တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရခဲ့ပါတယ်။ သူ့အပေါ်မှာ ကျွန်တော်တို့ တော်တော်လေး သံယောဇဉ်ရှိသလို၊ အထူးသဖြင့် ဒီရာသီမှာ သူလှမ်းခဲ့တဲ့ တိုးတက်မှုခြေလှမ်းတွေကို အနီးကပ် မြင်တွေ့နေရတာပါ" လို့ အန်ဒရူးစ်က ပြောပါတယ်။

ဒါ့အပြင် "အခုဆိုရင် လူအများက သူ့ရဲ့ကစားပုံ၊ သွင်းဂိုးတွေနဲ့ သူ့ရဲ့ကိုယ်ရည်ကိုယ်သွေးတွေကိုပါ မြင်တွေ့နေရပြီဖြစ်လို့ ဒါဟာ တကယ့်ကို ဝမ်းသာစရာ ခံစားချက်တစ်ခုပါပဲ။ တခြားအသင်းတွေက သူ့ကို စိတ်ဝင်စားလာတာဟာ ဘောလုံးလောကရဲ့ သဘာဝအတိုင်း ဖြစ်လာမယ့် ကိစ္စရပ်တစ်ခုပါ။ ကျွန်တော်တို့ဆီမှာ ကမ္ဘာ့အကောင်းဆုံးလိဂ်မှာ အကောင်းဆုံးခြေစွမ်းပြပြီး ဂိုးတွေအများကြီး သွင်းနေတဲ့ တိုက်စစ်မှူးတစ်ယောက် ရှိနေတာကိုး" လို့လည်း ၎င်းက ဆိုပါတယ်။

သီယာဂိုရဲ့ ကမ္ဘာ့ဖလားအိမ်မက်နဲ့ ပတ်သက်ပြီးတော့လည်း "သူ ကမ္ဘာ့ဖလားကို သွားခွင့်ရမယ်လို့ ကျွန်တော်တို့ တော်တော်လေး မျှော်လင့်ထားပါတယ်။ သူ့နိုင်ငံကိုယ်စားပြု ကစားခွင့်ရဖို့ဆိုတာ သူ့အတွက် အိမ်မက်တစ်ခုဆိုတာကိုလည်း ကျွန်တော်တို့ အရင်ကတည်းက ပြောဖူးပါတယ်။ တကယ်လို့ သူသာ ရွေးချယ်ခံရမယ်ဆိုရင် ကျွန်တော်တို့လည်း သူ့အတွက် တကယ့်ကို ဂုဏ်ယူမိမှာပါ" လို့ အန်ဒရူးစ်က ဖြည့်စွက်ပြောကြားခဲ့ပါတယ်။