ဘရန့်ဖို့ဒ်နဲ့သရေကျခဲ့ပေမယ့် ရလဒ်ကို ကျေနပ်မိကြောင်းပြောကြားလာတဲ့ ဖာကီ
စနေနေ့က ကစားခဲ့တဲ့ ဘရန့်ဖို့ဒ်နဲ့ ဂိုးမရှိသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ လိဒ်စ်ယူနိုက်တက်နည်းပြ ဒန်နီယယ်ဖာကီက ရလဒ်အပေါ် ကျေနပ်အားရမှုရှိနေပါတယ်။ အထူးသဖြင့် အဲဒီနေ့ပွဲစဉ်မှာ ပေးဂိုးမရှိအောင် ကစားနိုင်ခဲ့တဲ့အပေါ် ဖာကီက ပိုပြီးသဘောကျနေတာပါ။
ပွဲအပြီးမှာ သူက "သူတို့ရဲ့ ခံစစ်က အရမ်းကို ကျစ်လျစ်ခိုင်မာတာကို မြင်နိုင်ပါတယ်။ ကစားပုံလည်း တကယ်ကောင်းသလို တိုက်စစ်ပိုင်းမှာလည်း ကစားသမားတွေ အများကြီးရှိနေတာပါ။ ကွင်းလယ်မှာ အရည်အချင်းရှိတဲ့ ကစားသမား ၃ ယောက်ရှိပြီး ရှေ့တန်းမှာလည်း ယုံကြည်မှုအပြည့်နဲ့ ကစားနေတဲ့သူတွေ ရှိနေတာပါ" လို့ ပြောခဲ့ပါတယ်။
"ပေးဂိုးမရှိခဲ့တဲ့အပေါ် ကျွန်တော် တော်တော်လေး ကျေနပ်မိသလို သူတို့ရဲ့ တန်ပြန်တိုက်စစ်တွေကို ထိန်းချုပ်နိုင်ခဲ့တဲ့အတွက်လည်း တော်တော်လေး ပျော်မိပါတယ်။ သူတို့က တန်ပြန်တိုက်စစ်ဆိုရင် တကယ်ကို အန္တရာယ်ရှိတဲ့အသင်းပါ။ သူတို့ရဲ့ ဂိုးဧရိယာထဲမှာ အခွင့်အရေးဖန်တီးနိုင်ဖို့ကတော့ နည်းနည်းလေး လိုအပ်ချက်ရှိခဲ့တာပေါ့၊ ဒါပေမဲ့ ဘရန့်ဖို့ဒ်နဲ့ နှစ်ကြိမ်ရင်ဆိုင်ခဲ့ရာမှာ နှစ်ပွဲလုံးမှာ ကိန်းဂဏန်းအချက်အလက်အားလုံးအရ အသာစီးရခဲ့တဲ့ တစ်သင်းတည်းသော အသင်းက ကျွန်တော်တို့ပဲ ဖြစ်မှာပါ" လို့ ဆိုပါတယ်။
ဆက်လက်ပြီး ဖာကီက "သူတို့က အပိုင်ဂိုးသွင်းခွင့်တွေ လုံးဝမပေးခဲ့တာကြောင့် ပွဲကတော့ တင်းမာနေဆဲပါပဲ။ ကျွန်တော်တို့ဘက်ကလည်း စိတ်ဓာတ်ပိုင်း၊ ကြံ့ခိုင်မှုပိုင်းနဲ့ ကစားကွက်ပြောင်းလဲမှုပိုင်းတွေကို သုံးပြီး သူတို့ကို ဖိအားပေးနိုင်ဖို့ ကြိုးစားခဲ့ရပါတယ်။ ဒီနေ့မှာ ကျွန်တော်တို့ အစွမ်းကုန် ကြိုးစားခဲ့ပါတယ်။ ပွဲစကတည်းက တိုက်စစ်မှူး ၂ ယောက်နဲ့ ကွင်းလယ်တိုက်စစ် ကစားသမားတစ်ယောက်ကို ထည့်သွင်းအသုံးပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ကျွန်တော်တို့က ပိုပြီးစွန့်စားချင်တာကြောင့် နောက်ခံလူတစ်ယောက်ကို ထုတ်ပြီး တိုက်စစ်ဦးစားပေး ကစားသမားတစ်ယောက်ကိုပါ ထည့်သွင်းခဲ့ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။