လက်ထိဘောကို ဒိုင်ကမမြင်ခဲ့တာကြောင့် ကစားသမားတွေ အာရုံနောက်သွားခဲ့ရတယ်လို့ ချဲလ်ဆီးနည်းပြ ရိုစီနီယာပြော
ယနေ့နံနက် စတန်းဖို့ဒ်ဘရစ်ချ်မှာ နှစ်ဂိုးအသာနဲ့ ဦးဆောင်နေရာကနေ သရေကျခဲ့ပြီးနောက် လိဒ်စ်ယူနိုက်တက်ရဲ့ ချေပဂိုးဖြစ်လာဖို့ အစပြုတဲ့နေရာမှာ လက်ထိဘောပါဝင်နေတာက ချဲလ်ဆီးကစားသမားတွေအပေါ် ဆိုးဆိုးရွားရွား သက်ရောက်မှုရှိခဲ့တယ်လို့ နည်းပြ လီယမ်ရိုစီနီယာက ပြောခဲ့ပါတယ်။
ပထမပိုင်းအတွင်း ဂျာအိုပက်ဒရိုရဲ့ ဂိုး၊ ဒုတိယပိုင်းမှာ ကိုးလ်ပယ်လ်မာရဲ့ ပင်နယ်တီဂိုးတွေကြောင့် ချဲလ်ဆီးဟာ ပွဲပြီးဖို့ မိနစ် ၃၀ အလိုအထိ ပွဲကို ကောင်းကောင်းကြီး ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်
ဒါပေမဲ့ ၅ မိနစ်အတွင်း ချဲလ်ဆီးက ချေပဂိုး နှစ်ဂိုး ပြန်ပေးလိုက်ရလို့ ပွဲအခြေအနေက ပြောင်းပြန်ဖြစ်သွားခဲ့ပါတယ်။
လူကပ်စ်အန်မီချာက ပင်နယ်တီကနေချေပဂိုးတစ်ဂိုးသွင်းခဲ့ပြီးနောက် လူစားဝင်ကစားသမာ ေအိုကာဖော်က ဧည့်သည်အသင်းအတွက် ချေပဂိုး သွင်းယူပေးပြီး အမှတ်ခွဲဝေယူနိုင်ခဲ့တာ ဖြစ်ပါတယ်။
အိုကာဖော်က ဂိုးအလွတ်ထဲကို ပိတ်သွင်းလိုက်နိုင်ဖို့ ဂိုးရှေ့ ရုန်းရင်းဆန်ခတ် ဖြစ်နေချိန်မှာ ဂျေဒန်ဘိုဂယ်ရဲ့ လက်နဲ့ ထိခဲ့တာကို အကြောင်းပြပြီး အိုကာဖော်ရဲ့ ချေပဂိုးအပေါ် ရိုစီနီယာက ကန့်ကွက်စကား ပြောခဲ့တာဖြစ်ပါတယ်။
ရိုစီနီယာက"အဲဒီကောင်လေး (ဘိုဂယ်) လက်နဲ့ ထိသွားတာပါ။ သူလက်နဲ့ ထိလိုက်တာက အဲဒီအချိန်မှာ ကျွန်တော့်ကစားသမားတွေအပေါ် သက်ရောက်မှုရှိသွားတယ်။ သူတို့က လက်ထိဘောလို့ ထင်သွားပြီး အာရုံလွတ်သွားကြတယ်၊ ဘောလုံးကိုလည်း ရှင်းမထုတ်လိုက်နိုင်တော့ဘဲ သူတို့ ဂိုးသွင်းသွားတာပါ။
အဲဒီနောက် ၂၅ မိနစ်လုံးလုံး တိုက်စစ်တွေ တစ်လှိုင်းပြီးတစ်လှိုင်း ဆက်တိုက်လာနေတာပါ။ ကျွန်တော်တို့အနေနဲ့ အဲဒီလို အခိုက်အတန့်တွေကို သေချာဂရုစိုက်ဖို့နဲ့ ပရော်ဖက်ရှင်နယ် ပီသဖို့ပဲ လိုအပ်ပါတယ်။ ပွဲတစ်ပွဲမှာ ကိုယ်က အသာမရတဲ့ အချိန်ဆိုတာ အမြဲရှိတတ်ပါတယ်။ ကျွန်တော်တို့အတွက် ရယ်စရာကောင်းတာက ကျန်တဲ့ မိနစ် ၉၀ လုံးလုံး ကျွန်တော်တို့က အများကြီး ပိုကောင်းနေခဲ့တာကို သူတို့က ၅ မိနစ်အတွင်းမှာတင် နှစ်ဂိုး သွင်းသွားနိုင်ခဲ့တာပါပဲ။"လို့ ပြောခဲ့ပါတယ်။
ချဲလ်ဆီးအသင်းက ပွဲကို စိုးမိုးထားနိုင်ခဲ့တာ ဘယ်လောက် သိသာသလဲဆိုရင် လိဒ်စ်ဟာ ဒုတိယပိုင်း ပင်နယ်တီ မရခင်အထိ ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့ပါဘူး။
နှစ်ဂိုးအသာနဲ့ ဦးဆောင်နေတာကို လက်လွတ်လိုက်ရတဲ့အတွက် စတန်းဖို့ဒ်ဘရစ်ချ်ထဲက ပရိသတ်အတော်များများလည်း မယုံနိုင်အောင် ဖြစ်ခဲ့ကြပါတယ်။
ရိုစီနီယာက"တကယ်ပြောရရင် (အန်မီချာရဲ့ ဂိုးမတိုင်ခင်အထိ) လိဒ်အသင်း ဂိုးကန်တာမျိုး ဒါမှမဟုတ် အခွင့်အရေးရတာမျိုး တစ်ခုမှကို မမှတ်မိပါဘူး။
ဘောလုံးပိုင်ဆိုင်မှု၊ ဖိအားပေးကစားပုံနဲ့ ကြိုးစားအားထုတ်မှုတွေက ကျွန်တော် မြင်ချင်တဲ့အတိုင်းပါပဲ။ ဒါကြောင့်လည်း အခုလို (နိုင်သင့်တဲ့ပွဲကို) လက်လွတ်လိုက်ရတာက ပိုပြီးတော့ ခံရခက်စေတာပါ။
ဒုတိယဂိုး ပေးလိုက်ရပြီးနောက် ပွဲရဲ့ အရှိန်အဟုန် ဘာကြောင့် ပြောင်းလဲသွားသလဲဆိုတဲ့ အချက်တချို့ကို ကစားသမားတွေကို ကျွန်တော် ပြန်ပြသွားမှာဖြစ်သလို ဒါကလည်း စိတ်ပျက်စရာပါပဲ။ ဒါက တစ်သင်းလုံးနဲ့ ဆိုင်တဲ့ ကိစ္စပါ။ ကျွန်တော်တို့သာ မိနစ် ၉၀ လုံး အာရုံစိုက်ထားနိုင်မယ်ဆိုရင် ဒီအသင်းမှာ မယုံနိုင်စရာ ကောင်းတဲ့ အစွမ်းအစတွေ ရှိပါတယ်။ ဒီနေ့ပွဲရဲ့ ၉၀ ရာခိုင်နှုန်းလောက်မှာလည်း ခင်ဗျားတို့ မြင်ခဲ့ရမှာပါ။ ကျွန်တော် ရောက်တာ တစ်လပဲ ရှိပါသေးတယ်။ ဒါကို တိုးတက်အောင် ဘာတွေလုပ်ရမလဲဆိုတာ ကျွန်တော် သိနေပါပြီ။ ဒါတွေကို လုပ်ဆောင်နိုင်ဖို့ အချိန်ရဖို့ပဲ လိုပါတယ်" လို့ ပြောခဲ့ပါတယ်။