လူတွေ စိတ်ပျက်သွားအောင် လုပ်မိသလို ခံစားရတယ်လို့ ဖွင့်ဟလာတဲ့ ဝက်စ်ဟမ်းကပ္ပတိန်ဘိုဝင်
ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဘိုဝင်က တနင်္ဂနွေနေ့၊ အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်အတွင်း လိဒ်ယူနိုက်တက်ကို ရှုံးနိမ့်ပြီးနောက် သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ဘိုဝင်ကိုယ်တိုင်လည်း ပယ်နယ်တီအဆုံးအဖြတ်ခံယူချိန် အခွင့်အရေးကို အသုံးမချနိုင်ခဲ့ပါဘူး။
လန်ဒန်ကွင်းကြီးမှာကစားခဲ့တဲ့ပွဲစဉ်အတွင်း အချိန်ပိုမိနစ်တွေပြီးဆုံးချိန်အထိ တစ်ဖက်နှစ်ဂိုးစီသရေကျနေလို့ ပယ်နယ်တီအဆုံးအဖြတ်ခံယူရာ ဘိုဝင်နဲ့ ပါဘလိုတို့ရဲ့ပယ်နယ်တီကန်ချက်တွေကို လိဒ်ဂိုးသမားပါရီ လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။
"ကျွန်တော် တကယ်ကို စိတ်မကောင်းဖြစ်ရပါတယ်။ လူတွေကို စိတ်ပျက်အောင် လုပ်မိသလို ခံစားနေရပါတယ်" လို့ ဘိုဝင်က ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ "ပွဲထဲကို ပြန်လာနိုင်ဖို့ ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားခဲ့တာမို့ အခုလိုဖြစ်သွားတယ်ဆိုတော့ တကယ်ကို နာကျင်ရပါတယ်။ ဆီမီးဖိုင်နယ်တက်ပြီး ဝင်ဘလေကွင်းကြီးဆီ ပရိသတ်တွေကို ခေါ်ဆောင်သွားနိုင်မယ်ဆိုရင် ဘယ်လောက်တောင် ထူးခြားမလဲဆိုတာ ကျွန်တော် သိပါတယ်" လို့ ဆိုပါတယ်။
"ပထမဆုံးပင်နယ်တီကို ဟဲရစ်ကာကွယ်ပေးနိုင်ခဲ့တဲ့အချိန်က တကယ့်ကို ကောင်းမွန်ခဲ့ပါတယ်။ အဲဒီနောက် ကိုယ့်အလှည့်ရောက်လာချိန်မှာ ဂိုးဝင်မယ်လို့ ယုံကြည်ချက် အပြည့်ရှိခဲ့ပါတယ်။ အထူးသဖြင့် အက်ဖ်အေဖလားပြိုင်ပွဲမှ ထွက်ခွာရမယ့် အခြေအနေမျိုးမှာ ဘယ်သူမှ ပယ်နယ်တီအဆုံးအဖြတ်ကို မလွဲချော်ချင်ကြပါဘူး။ ဒါပေမဲ့ တစ်ခါတလေမှာတော့ အခုလိုစိတ်ပျက်စရာအခိုက်အတန့်တွေနဲ့ ကြုံတွေ့ရတတ်တယ်ဆိုတာ ဘောလုံးရဲ့သဘောသဘာဝပါပဲ"
ဘိုဝင်က ဆက်လက်ပြီး "ကျွန်တော်တို့ဆီမှာ ဘယ်တော့မှ အရှုံးမပေးတဲ့ အသင်းသားတွေ ရှိပါတယ်။ ဒါက ဒီကလပ်အသင်းအတွက် ကစားပေးဖို့ လိုအပ်တဲ့ စိတ်ဓာတ်မျိုးလည်း ဖြစ်ပါတယ်။ ဘောလုံးလောကမှာ ဘာမဆို ဖြစ်သွားနိုင်တာကြောင့် 'ဘယ်တော့မှ လက်မလျှော့ဘူး' ဆိုတာ ကျွန်တော့်ရဲ့ အဓိကဆောင်ပုဒ်တစ်ခုပါပဲ" လို့ ပြောကြားခဲ့ပါတယ်။
"ကျွန်တော်ကန်လိုက်တာ တိုင်ထိပြီး မက်တီဆီ ဘောလုံးကျလာခဲ့တယ်။ အဲဒီအချိန် နာရီကို ကြည့်လိုက်တော့ နောက်ထပ် ၇ မိနစ်၊ ၈ မိနစ်လောက် ကျန်သေးပါတယ်။ နောက်ထပ်တစ်ဂိုးရဦးမယ်ဆိုတာ ကျွန်တော် သိနေခဲ့ပြီး ဒီဆာစီက အဲဒီအခွင့်အရေးကို ဖန်တီးပေးခဲ့ပါတယ်။ ကျွန်တော်တို့သွင်းခဲ့တဲ့ဂိုးအချို့ကိုလည်း ခွင့်မပြုပေးခဲ့တာတွေ ရှိသလို ပွဲကိုလည်း အသာစီးထိန်းချုပ်ထားနိုင်တယ်လို့ ခံစားခဲ့ရပါတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ကံကြမ္မာက ကျွန်တော်တို့ဘက်မှာ ရှိမနေခဲ့ပါဘူး" လို့ ၎င်းက ဆိုပါတယ်။