The network connection is lost.

Banner Image

ကူကူရယ်လာ...ပါးစပ်ပိတ်ထားဆိုပြီး ပြင်းပြင်းထန်ထန်ဝေဖန်လိုက်တဲ့ ချဲလ်ဆီးနောက်ခံလူဟောင်းကန်ဒီ

ချဲလ်ဆီးနောက်ခံလူဟောင်းဂျေဆန်ကန်ဒီဟာ အသင်းနောက်ခံလူကူကူရယ်လာကို ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုလိုက်ပါတယ်။

ချဲလ်ဆီးမှထွက်ခွာမယ့်အလားအလာနဲ့ပတ်သက်လို့ လူသိရှင်ကြားထုတ်ဖော်ပြောဆိုခဲ့တဲ့ ကူကူရယ်လာကို အန်ဇိုဖာနန်ဒက်ဇ်လိုပဲ ပွဲပယ်အပြစ်ပေးသင့်တယ်လို့ ကန်ဒီက အခိုင်အမာပြောကြားခဲ့ပါတယ်။

talkSPORT နဲ့တွေ့ဆုံချိန် ကန်ဒီက "ကျွန်တော့်ရဲ့ပုဂ္ဂိုလ်ရေးအမြင်အရ ပြောရရင်တော့ ပါးစပ်ပိတ်ထားကြဖို့ပါပဲ၊ အဲ့ဒီတုန်းကလည်း ကျွန်တော် ပြောခဲ့ပါတယ်။ ဒါ သူတို့နှစ်ဦးလုံးနဲ့ သက်ဆိုင်ပါတယ်။"

"ကျွန်တော်သာဆိုရင် ကူကူရယ်လာကိုလည်း အလားတူ အပြစ်ပေးပါမယ်။ အပြစ်ပေးဖို့ ကိစ္စမှာ... အန်ဇိုတုန်းကလည်း မက်ဒရစ်ကိုသွားဖို့ ခြေလှမ်းပြင်ခဲ့တာတွေ ရှိခဲ့တယ်။ အရင်ကိစ္စတွေကို ပြန်မပြောချင်တော့ပေမဲ့ ဒါ လူသိရှင်ကြား ဖြစ်မလာခင်အထိတော့ သူ့ရဲ့ဆုံးဖြတ်ချက်ပေါ့။ ကူကူရယ်လာရဲ့ မှတ်ချက်တွေကလည်း ဘာမှအကျိုးမရှိပါဘူး၊ ပါးစပ်ပိတ်ထားတာ ပိုကောင်းပါတယ်။"

"ခင်ဗျားတို့က ဘောလုံးကစားဖို့ လစာရနေတာလေ၊ ကိုယ့်အလုပ်ကိုယ်ပဲ အာရုံစိုက်လုပ်ပါ။ ခင်ဗျားတို့က နိုင်ငံရေးသမားလည်း မဟုတ်ဘူး။ ကွင်းထဲမှာပဲ ကိုယ့်အလုပ်ကို ပိုကောင်းအောင် လုပ်ပြပါ၊ ဒါ ကျွန်တော်ပြောချင်တဲ့ အချက်ပါပဲ"

"တစ်ခုခုတော့ လုပ်သင့်တယ်လို့ ကျွန်တော် ခံစားရတယ်။ 'ဒါမျိုးက မဖြစ်သင့်ဘူး၊ လက်ခံနိုင်စရာ မရှိဘူး' ဆိုတာမျိုးကို လူသိရှင်ကြား ပြသဖို့ လိုပါတယ်။ ခင်ဗျားတို့က ဒီကလပ်အသင်းရဲ့လစာကို ယူနေကြတာ၊ ဒီကလပ်အတွက် အကောင်းဆုံး ဘောလုံးကစားပေးဖို့ အလုပ်လုပ်နေတာလေ။"

"ဒါပေမဲ့ သူတို့နှစ်ဦးလုံး (သူတို့အပြင် တခြားသူတွေလည်း ရှိပါသေးတယ်) အဲ့ဒီအတိုင်း မလုပ်ခဲ့ကြဘူးလို့ ပြောမယ်ဆိုရင် တရားမျှတပါလိမ့်မယ်။ ဒါပေမဲ့ သူတို့နှစ်ဦးကတော့ လူသိရှင်ကြားထုတ်ပြောဖို့ ရွေးချယ်ခဲ့ကြတာပေါ့။"

"ဘောလုံးကလပ်အသင်းတစ်ခု၊ ဒါမှမဟုတ် ရိုဆင်နီယာနဲ့ အသင်းအကြီးအကဲတွေကိုယ်တိုင် ဘာလုပ်ရမလဲဆိုတာ ကျွန်တော် မသိပေမဲ့ တစ်ခုခုတော့ လုပ်ပြရပါလိမ့်မယ်။ ကစားသမားတွေကို ဒီအတိုင်းလွှတ်ထားလို့ မရပါဘူး" လို့ ပြောကြားသွားခဲ့ပါတယ်။