The network connection is lost.
ရီးရဲလ်မက်ဒရစ်နည်းပြဟောင်း ဇီဒန်းက ဘိုင်ယန်မြူးနစ်ကို တာဝန်ယူကိုင်တွယ်ဖို့ အလားအလာရှိနေတယ်လို့ သတင်းတွေထွက်ပေါ်နေတဲ့ကြားမှာ နည်းပြဘဝသို့ပြန်လည် ရောက်ရှိလိုတယ်လို့ပြောကြားလာခဲ့ပါတယ်။
အီတလီနဲ့ ဂျူဗင်တပ်စ်နည်းပြဟောင်း မာဆယ်လိုလစ်ပီရဲ့ မှတ်တမ်းရုပ်ရှင်ကို ပြသခဲ့တဲ့ ပွဲအပြီးမှာ ဇီဒန်းက သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေပြုလုပ်လာခဲ့ပါတယ်။ လာမယ့်နွေရာသီမှာ ဘိုင်ယန်မြူးနစ်နဲ့ သောမတ်စ်တူချယ်လို့ လမ်းခွဲတော့မယ်လို့ အတည်ပြုပြီးနောက်မှာ ဂျာမန်ချန်ပီယံတွေဟာ ဇီဒန်းကို အကြီးအကျယ်ချိတ်ဆက်နေကြတယ်လို့ သိရပါတယ်။
ပွဲအပြီးမှာ လစ်ပီနဲ့ပတ်သက်ပြီး ဇီဒန်းက “သူက ကျွန်တော့်အတွက် အကောင်းဆုံး နည်းပြပါ။ ကျွန်တော့်ကို ပထမဆုံးယုံကြည်မှုပေးခဲ့သူဖြစ်ပြီး စတင် ကစားစေခဲ့ပါတယ်။ ကျွန်တော်ဂျူဗင်တပ်စ်ကိုရောက်အောင်လည်း သူပဲခေါ်ခဲ့တာပါ။ ကျွန်တော်ပြင်သစ်မှာ အတွေ့အကြုံရှိခဲ့ပေမယ့် ဂျူဗင်တပ်စ်မှာကစားနိုင်ဖို့တော့ ခက်ခဲခဲ့ပါတယ်။ ဒါပေမယ့်အဆုံးမှာတော့ သူက ကျွန်တော့်ကို ကစားစေခဲ့ပါတယ်။ ဒါကြောင့် သူဟာ ကျွန်တော့်အတွက် နည်းပြတစ်ယောက်ထက်ပိုပါတယ်။ ကျွန်တော့်ကို ဒီလိုကစားသမားမျိုးအဖြစ် ဖန်တီးပေးခဲ့တဲ့သူပါ” လို့ချီးကျူးပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး နည်းပြဘဝကို ပြန်လည်ဝင်ရောက်ဖို့ရှိမရှိမေးမြန်းခဲ့ရာ ဇီဒန်းက “ဘာလို့မဖြစ်နိုင်ရမှာလဲ။ ဘာမဆိုဖြစ်သွားနိုင်ပါတယ်။ လောလောဆယ်မှာတော့ ကျွန်တော် အခြားဟာတွေလုပ်နေပါတယ်။ ဒါပေမယ့် အားလုံးသိရမှာပါ။ ကျွန်တော် ကွင်းဘေးက ခုံတန်းလေးပေါ်မှာ ပြန်ထိုင်ချင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
အသက်-၅၁ နှစ်အရွယ်ပြင်သစ်ကစားသမားဟောင်းဟာ ၂၀၂၁ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကနေထွက်ခွာလာခဲ့ပြီး ယခုအခါမှာတော့ နည်းပြဘဝထဲပြန်လည် ဝင်ရောက်ဖို့ကြိုးစားလာချေရှိပါတယ်။ ဇီဒန်းဟာ ၂၀၁၆ မှ ၂၀၂၁ ခုနှစ်အတွင်း ရီးရဲလ်မက်ဒရစ်နဲ့အတူ ဆုဖလား ၁၁ လုံးဆွတ်ခူးရရှိခဲ့ပါတယ်။
ရီးရဲလ်မက်ဒစ်ဂန္ထဝင်ကစားသမားအနေနဲ့ ရာသီကုန်မှာပဲ နည်းပြလောကထဲ ပြန်ဝင်လာမလား စောင့်ကြည့်သွားရမှာဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဘိုင်ယန်မြူးနစ်က ခေါ်ယူနိုင်ဖို့ ရေပန်းအစားဆုံးဖြစ်နေပါတယ်။