The network connection is lost.

Banner Image

ဗင်နီစီးယက်စ် ရီးရဲလ်မက်ဒရစ်မှာ ဆက်နေလိုပါက အပြုအမူပြောင်းလဲရမယ်လို့ မီဂျာတိုဗစ်သတိပေး

ရီးရဲလ်မက်ဒရစ်ရဲ့ အထွေထွေမန်နေဂျာဟောင်း ပက်ဂျာမီဂျာတိုဗစ်က ဗင်နီစီးယက်စ်ဂျူနီယာအနေနဲ့ အသင်းမှာ ကာလရှည်ဆက်နေလိုပါက ကွင်းတွင်းအပြုအမူတွေကို ပြောင်းလဲပစ်ဖို့လိုအပ်ကြောင်း သတိပေးပြောကြားလာခဲ့ပါတယ်။

မီဂျာတိုဗစ်ဟာ လွန်ခဲ့တဲ့ ၁၂ လအတွင်း ဗင်နီစီးယက်စ်ရဲ့ ကွင်းတွင်းအပြုအမူတွေနဲ့ပတ်သက်ပြီး မကြာခဏဝေဖန်ခဲ့သူလည်းဖြစ်ပါတယ်။ ယခုအခါမှာ ဗင်နီစီးယက်စ်ကို စာချုပ်သစ်ကမ်းလှမ်းမှာလားဆိုတဲ့မေးခွန်းကို မီဂျာတိုဗစ်က "ကျွန်တော်ဘာလုပ်ချင်တယ်ဆိုတာ ထုတ်မပြောချင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဲဒီစကားတွေက လက်ရှိရီးရဲလ်မှာအလုပ်လုပ်နေတဲ့ ကျွန်တော့်ရဲ့မိတ်ဆွေတွေကို လွှမ်းမိုးသွားမှာစိုးလို့ပါ"

"ဟိုဆေးအိန်ဂျယ်လ်ဆန်းချက်ဇ်(ရီးရဲလ်မက်ဒရစ်ဒု-ဥက္ကဌ)က ကျွန်တော့်ရဲ့သူငယ်ချင်းပါ။ ဖလော်ရန်တီနို ပီရက်ဇ်ကလည်း ကလပ်သမိုင်းတစ်လျှောက် အကောင်းဆုံးဥက္ကဌတစ်ဦးပါပဲ။ ဒါကြောင့် ကျွန်တော်ပြောချင်တာတွေထုတ်ပြောလိုက်ရင် မျက်နှာပျက်စရာတွေဖြစ်လာနိုင်ပါတယ်"

"လူအများစုကတော့ ကျွန်တော်ဟာ ဗင်နီစီးယက်စ်ကို မုန်းနေတယ်လို့ထင်ကြပါတယ်။ တကယ်ကတော့ အဲဒါနဲ့လုံးဝ ဆန့်ကျင်ဖက်ပါ။ ကျွန်တော့်အမြင်မှာ သူက အရမ်းတော်တဲ့ဘောလုံးသမားတစ်ယောက်ပါ။ အရေးကြီးတဲ့ပွဲစဉ်တွေ ချန်ပီယံလိဂ်လိုပြိုင်ပွဲတွေမှာ အသင်းအတွက်အမြဲတမ်းဂိုးတွေသွင်းယူပေးထားနိုင်သူပါ။ ဒါပေမယ့် သူ့ရဲ့အပြုအမူနဲ့ အကျင့်စရိုက်တချို့ကတော့ မကောင်းဘူးဆိုတာ ပြောရပါမယ်"

"ဒီလိုမကောင်းတဲ့အပြုအမူတွေနဲ့ပတ်သက်ပြီး ပြောဖို့လိုပါတယ်။ ဘာလို့လဲဆိုတော့ သူအမှားလုပ်နေတာသိသိရက်နဲ့ ဘာမှမဖြစ်ဘူး အဆင်ပြေတယ်လို့ပြောတာက သူ့ကိုကူညီရာမရောက်ပါဘူး။ ကျွန်တော်တို့အမြင်မှာ သူကအံ့မခန်းဘောလုံးသမားတစ်ယောက်ဖြစ်ပေမယ့် အပြုအမူတွေကိုတော့ ထိန်းချုပ်ဖို့လိုအပ်နေပါသေးတယ်"

"သူ့ကို စာချုပ်သက်တမ်းတိုးဖို့ မတိုးဖို့က ကလပ်အပေါ်မှာပဲမူတည်ပါတယ်။ ဒါပေမယ့် ရီးရဲလ်မက်ဒရစ်က အသင်းမှာ မပျော်တဲ့ကစားသမားတွေကို ဆက်ထားမှာမဟုတ်ဘူးဆိုတာ ကျွန်တော်ယုံကြည်ပါတယ်။ အသင်းမှာမပျော်ရွှင်တဲ့ကစားသမားကလည်း ကောင်းကောင်းကစားနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် ပြဿနာကိုဖြေရှင်းမလား၊ လမ်းခွဲသွားမလားဆိုတာ ဆုံးဖြတ်ရမှာပါ။ ဒါကအရမ်းရိုးရှင်းပါတယ်။ အရင်တုန်းကလည်း ရီးရဲလ်မက်ဒရစ်ကနေ ဂန္ထဝင်ကစားသမားတွေအများကြီးထွက်ခွာသွားခဲ့ပေမယ့် အသင်းက ဆက်တိုက်အောင်မြင်နေတုန်းပါပဲ" လို့ပြောကြားခဲ့ပါတယ်။