The network connection is lost.

Banner Image

ရလဒ်ဆိုးတွေအတွက် ဆင်ခြေတွေပေးနေလို့မရဘူးလို့ ဆိုလိုက်တဲ့ မက်ဂွါရီ

မန်ချက်စတာယူနိုက်တက်ဗဟိုခံစစ်မှူး ဟယ်ရီမက်ဂွါရီက အသင်းအနေနဲ့ ရလဒ်ဆိုးတွေနဲ့ တောက်လျှောက်ကြုံတွေ့နေရပေမယ့် ဆင်ခြေပေးလို့မရကြောင်းနဲ့ အသင်းဖော်တွေ တစ်ဦးနဲ့တစ်ဦး အပြစ်တင်တာမျိုးကိုရှောင်ရှားသင့်ကြောင်း ပြောကြားလာခဲ့ပါတယ်။ နည်းပြရူဘင်အာမိုရင်ကိုယ်တိုင် လက်ရှိယူနိုက်တက်ဟာ ကလပ်သမိုင်းတစ်လျှောက် အညံ့ဖျင်းဆုံးအသင်းဖြစ်တယ်လို့ ဝန်ခံပြောကြားထားခဲ့ပေမယ့် မက်ဂွါရီကတော့ ကစားသမားတွေအနေနဲ့ ကိုယ့်တာဝန်ကိုယ်ယူပြီး ရှေ့ဆက်နိုင်ဖို့အရေးကြီးကြောင်း ထောက်ပြလာခဲ့တာဖြစ်ပါတယ်။ 

အင်္ဂလန်လက်ရွေးစင်က “ကျွန်တော်တို့ ဘယ်နေရာကိုပြန်သွားချင်သလဲဆိုတာ စဉ်းစားရပါမယ်။ ကျွန်တော်တို့ဟာ အသင်းတစ်သင်းအနေနဲ့ လုံလောက်တဲ့ ကစားဟန်မျိုးကို ပြသနိုင်ခြင်းမရှိပါဘူး။ ပြိုင်ဘက်ကို ဦးဆောင်ဂိုးတွေ အရင်ခွင့်မပြုရဖို့ ကြိုးစားသွားရပါမယ်။ ပွဲတစ်ပွဲကိုနိုင်ဖို့ စိတ်ဓာတ်ပိုင်းကို အရင်ဆုံးပြင်ဆင်ရပါမယ်။ လောလောဆယ်မှာတော့ အသင်းက ရုန်းကန်နေရပြီး စိတ်ပိုင်းဆိုင်ရာမှာလည်း ကျဆင်းမှုတွေရှိနေပါတယ်” လို့ပြောကြားခဲ့ပါတယ်။
 
ဆက်လက်ပြီး ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်းက သူ့အနေနဲ့ ရာထူးကနေ လျှော့ချခံခဲ့ရလို့ အခုလို ခြေစွမ်းကောင်းတွေ ပြန်လည်ရရှိလာခြင်းမဟုတ်ကြောင်းကိုလည်း “ကျွန်တော့်အနေနဲ့ ကစားပုံကို ပြောင်းလဲခဲ့တာမျိုးမရှိပါဘူး။ အခုခြေစွမ်းထက် နိမ့်ကျတဲ့ခြေစွမ်းမျိုးနဲ့လည်း လျှော့ချကစားသွားဖို့မရှိပါဘူး။ ဒီအသင်းရဲ့ အသင်းခေါင်းဆောင်ဖြစ်ဖြစ် မဖြစ်ဖြစ်ပါ။ ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကိုယ် ဒီအသင်းရဲ့ ဦးဆောင်သူတစ်ယောက်လို့မြင်ထားပါတယ်။ အသင်းက အနိမ့်အမြင့် အတက်အကျတွေ အများကြီးကြုံတွေ့ထားရပါတယ်။ ဒီလိုအခြေအနေမှာ ကျွန်တော့်အနေနဲ့ အသင်းရဲ့ကစားသမားဟောင်းတွေဖြစ်တဲ့ ဝိန်းရွန်းနီနဲ့ ဒေးဗစ်ဘက်ခမ်းတို့လိုကစားသမားတွေကိုကြည့်ပြီး ကျော်ဖြတ်နိုင်ဖို့ကြိုးစားနေပါတယ်။ ဒီလိုဖြစ်ရပ်မျိုးက သူတို့လိုကစားသမားမျိုးမှာတောင်ကြုံတွေ့ရရင် လူတိုင်းကြုံတွေ့ရနိုင်တာပါပဲ” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။