The network connection is lost.

Banner Image

ပရီးမီးယားလိဂ်စည်းမျဉ်းအရ မန်စီးတီးနဲ့ပွဲစဉ်မှာ ပါဝင်ကစားနိုင်မှာမဟုတ်တဲ့ ဂရီးလစ်ရှ်

လာမယ့်စနေနေ့ မန်ချက်စတာစီးတီးနဲ့ အဲဗာတန်တို့ယှဉ်ပြိုင်သွားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးမှ အဲဗာတန်သို့ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ ဂျက်ခ်ဂရီးလစ်ရှ်ဟာ လိဂ်ရဲ့ချမှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ အဆိုပါပွဲစဉ်ကို ဝင်ရောက်ကစားခွင့်မရှိဘူးလို့သိရပါတယ်။

နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ ပွဲမှာ ပုံစံကောင်းပြန်လည်ပြသလာနိုင်တဲ့မန်စီးတီးအနေနဲ့ အိမ်ကွင်းမှာ ရလဒ်ကောင်းကို ပုံဖော်ဖို့ကြိုးစားလာမှာဖြစ်သလို၊ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၈ နေရာမှာရပ်တည်နေတဲ့အဲဗာတန်ကလည်း သူတို့ရဲ့ခြေစွမ်းတည်ငြိမ်မှုကိုသက်သေပြသဖို့ကြိုးစားလာမှာဖြစ်ပါတယ်။ 

သို့သော်လည်း အဲဗာတန်အနေနဲ့ ပရီးမီးယားလိဂ်စည်းမျဉ်းစည်းကမ်းတွေအရ အဆိုပါပွဲစဉ်မှာ အသင်းရဲ့အငှားကြယ်ပွင့် ဂျက်ခ်ဂရီးလစ်ရှ်ကိုတော့ အသုံးပြုနိုင်မှာမဟုတ်လို့ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေရှိလာနိုင်ပါတယ်။ ဂရီးလစ်ရှ်ဟာ လိဂ်ရဲ့စည်းမျဉ်းအရ မိခင်ကလပ်နဲ့ပြန်လည်ရင်ဆိုင်ဖို့ တားမြစ်ခံထားရတာကြောင့် အဆိုပါပွဲစဉ်ကို ပွဲကြည့်စင်ကနေပဲ ကြည့်ရှုခွင့်ရသွားမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကာလမှာ ဂရီးလစ်ရှ်ဟာ မန်စီးတီးမှထွက်ခွာပြီး  အဲဗာတန်သို့အငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ကာ အသင်းသစ်မှာ သူ့ရဲ့ခြေစွမ်းအမှန်ကို ပြန်လည်ပြသလာနိုင်ခဲ့ပါတယ်။ အင်္ဂလန်သားဟာ လွန်ခဲ့တဲ့ ၂ ရာသီအတွင်း ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတာကြောင့် အီတီဟတ်မှာ ပုံမှန်နေရာမရခဲ့သလို၊ ယခုအခါမှာလည်း အငှားစာချုပ်နဲ့ထွက်ခွာခဲ့ရတာဖြစ်ပါတယ်။

သို့သော်လည်း အက်စတွန်ဗီလာကြယ်ပွင့်ဟောင်းဟာ အဲဗာတန်မှာတော့ သူ့ရဲ့ထိပ်တန်းခြေစွမ်းကို ပြန်လည်ပြသနေပြီး အသင်းအတွက်ကစားပေးထားတဲ့ ပရီးမီးယားလိဂ် ၇ ပွဲမှာ ၁ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ်အထိပြုလုပ်ပေးထားနိုင်ပါတယ်။ အခုလိုပုံစံကောင်းတွေရရှိနေတဲ့ ဂရီးလစ်ရှ်အနေနဲ့ယခုအချိန်ကတည်းက အဲဗာတန်ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခံရဖို့အထိပါ စောစောစီးစီးရေပန်းစားနေတာဖြစ်ပါတယ်။

ဂရီးလစ်ရှ်အနေနဲ့ အခုလိုထိပ်တန်းခြေစွမ်းတွေပြသနေချိန်မှာ အငှားချခံထားရတဲ့ကစားသမားတစ်ယောက်က သူ့ရဲ့မိခင်ကလပ်နဲ့ပြန်လည်ရင်ဆိုင်ခွင့်မရှိဆိုတဲ့ ပရီးမီးယားလိဂ်စည်းမျဉ်းစည်းကမ်းကြောင့် စနေနေ့ပွဲစဉ်မှာတော့ ဘေးစည်းအပြင်ကနေပဲ ပွဲကိုကြည့်ရှုသွားရတော့မှာဖြစ်ပါတယ်။အနာဂတ်မှာတော့ အငှားချခံထားရတဲ့ကစားသမားတွေအနေနဲ့ မိခင်ကလပ်နဲ့ပြန်လည်ရင်ဆိုင်ခွင့်ကို ရရှိဖို့ အခွင့်အရေးရှိလာနိုင်ပေမယ့် လောလောဆယ်မှာတော့ စည်းမျဉ်းက ဆက်လက်ကျန်ရှိနေဆဲဖြစ်လို့ ဂရီးလစ်ရှ်အနေနဲ့ အမြင့်ဆုံးခြေစွမ်းရရှိနေချိန်မှာ တစ်ချိန်ကသူ့ကိုနေရာမပေးခဲ့တဲ့ မန်စီးတီးကို ဒီအတိုင်းသာ ထိုင်ကြည့်နေရတော့မှာဖြစ်ပါတယ်။