
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ရည်မှန်းချက်ပြည့်မြောက်ခဲ့တယ်လို့ ဆိုလိုက်တဲ့ အင်တာမိုင်ယာမီနည်းပြ မာရှေယာနို
အင်တာမိုင်ယာမီနည်းပြမာရှေယာနိုက ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရတဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ရှုံးထွက်ပွဲစဉ်ရဲ့ ပထမပိုင်းပွဲချိန်အတွင်း ဥရောပချန်ပီယံတွေကို လေးဂိုးပြတ်အရေးနိမ့်မှုအား သွေးထွက်သံယိုနှိမ်နင်းခံရမှုတစ်ခုအဖြစ် တံဆိပ်ကပ်ခဲ့ပေမယ့် သူ့အသင်းရဲ့စွမ်းဆောင်ရည်ပိုင်းကိုတော့ ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ အခုပွဲစဉ်မှာ အင်တာမိုင်ယာမီက ဂျော်အိုနီဗက်စ်(၂ ဂိုး)၊ ဟာကီမီ၊ အေဗီလက်စ်(O.G)တို့ရဲ့ဂိုးတွေကို ပထမပိုင်းပွဲချိန်မပြီးဆုံးခင် ခွင့်ပြုပေးခဲ့ရပါတယ်။
အတ္တလန်တာမှာ ပီအက်စ်ဂျီကို ဂိုးအလှူပေးခဲ့ရပေမယ့် မာရှေယာနိုကတော့ ဒေးဗစ်ဘက်ခမ်ပိုင်ဆိုင်တဲ့ ကလပ်အသင်းဟာ ပြိုင်ပွဲမှာ သူတို့ရဲ့ရည်မှန်းချက်ဆီ အရောက်သွားနိုင်ခဲ့တယ်လို့ ရှင်းပြခဲ့ပါတယ်။ အင်တာမိုင်ယာမီက အုပ်စု(A)ရဲ့အုပ်စုဒုတိယအဖြစ် ရပ်တည်နိုင်ခဲ့ပြီး ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ရှုံးထွက်အဆင့်ဆီ တက်ရောက်နိုင်တဲ့ ပထမဆုံးအမေရိကန်မေဂျာလိဂ်ကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။
သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အာဂျင်တီးနားသားနည်းပြက “ ပြိုင်ပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ခံယူချက်ကတော့ ကျွန်တော်တို့အသင်းဟာ မိမိတို့ကိုယ်တိုင်ချမှတ်ထားတဲ့ ရည်မှန်းချက်ဆီ ရောက်ရှိအောင် စွမ်းဆောင်နိုင်ခဲ့တယ်ဆိုတာပါပဲ။ ကျွန်တော်တို့အသင်းက ယှဉ်ပြိုင်နိုင်စွမ်းရှိနေတဲ့အချိန်မျိုးမှာ အဆင့်တစ်ခုအထိရောက်ရှိအောင် လုပ်နိုင်စွမ်းရှိတယ်ဆိုတာ သိသာထင်ရှားလှပါတယ်။ ဒီအချက်ကိုလည်း ရှင်းရှင်းလင်းလင်းမြင်နိုင်ပါတယ်။ ကျွန်တော်တို့မျှော်မှန်းထားတဲ့ရည်မှန်းချက်တွေ ပြည့်မြောက်သွားခဲ့ပါတယ်။့ ဦးဆောင်ဂိုးကို စောစောစီးစီးပေးလိုက်ရချိန် အရမ်းခက်ခဲသွားခဲ့တာ ဝမ်းနည်းစရာကောင်းပါတယ်။
သူတို့အတွက် ဂိုးသွင်းယူသွားတဲ့နည်းလမ်းတွေက အရမ်းလွယ်ကူလွန်းပါတယ်။ ပထမပိုင်းပွဲချိန်အတွင်းမှာဆို သွေးချောင်းစီးနေသလိုပုံစံမျိုးဖြစ်ခဲ့ပြီး ဒုတိယပိုင်းပွဲချိန်အတွင်းမှာတော့ ပြန်နှေးကွေးသွားခဲ့ပါတယ်။ ကျွန်တော်တို့ကတော့ မေဂျာလိဂ်မှာ ကျွန်တော်တို့လုပ်နေတဲ့အရာတွေကို ချပြနိုင်ခဲ့ပါတယ်။ ကျွန်တော့်အသင်း လုပ်ဆောင်ပြခဲ့တဲ့အရာတွေအတွက် ဂုဏ်ယူမိတယ်ဆိုတာ ထပ်လောင်းပြောကြားပါရစေ။ အနာဂတ်အတွက် ရှေ့ဆက်ပြီး ဒီပြိုင်ပွဲမှာရရှိခဲ့တဲ့အတွေ့အကြုံကို ပြည်တွင်းပြိုင်ပွဲတွေမှာ အသုံးချသွားရပါမယ်”လို့ ပြောပါတယ်။
ဆက်လက်ပြီး မာရှေယာနိုက “ ပီအက်စ်ဂျီမှာ လက်နက်ကောင်းတွေ ပေါများလွန်းပါတယ်။ ကွင်းတစ်ခုလုံးကို ပိတ်ဆို့ကာကွယ်ထားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ကျွန်တော်ကိုယ်တိုင်လည်း ကစားသမားတွေကို ကူညီပံ့ပိုးပေးရင်း ကွင်းတွင်းမှာ ရှိနေချင်ခဲ့တယ်။ ပထမပိုင်းပွဲချိန်အပြီး သတင်းစကားကတော့ ဒီလိုကိစ္စတွေနဲ့ ရှင်သန်သွားနိုင်ဖို့ လိုအပ်တယ်ဆိုတာပဲ ဖြစ်ပါတယ်။ လေးဂိုးပြတ်သွားချိန်မှာ အရာရာတိုင်းခက်ခဲသွားပါပြီ။ အခွင့်အရေးတွေ အများကြီးမရှိတော့ဘူးဆိုတာရယ်၊ ရလဒ်ကိုပြောင်းလဲပစ်ဖို့ ဖြစ်နိုင်ချေနည်းသွားပြီဆိုတာရယ်ကို သိရှိလိုက်ပါတယ်။ ဒါပေမဲ့ ပရိသတ်တွေဆီ ကောင်းမွန်တဲ့ပုံရိပ်တစ်ခုချပြနိုင်ဖို့သာ အရေးအကြီးဆုံးဖြစ်ခဲ့ပါတယ်။ ကစားသမားတွေကိုယ်တိုင်လည်း ဒုတိယပိုင်းပွဲချိန်အတွင်းမှာ အကောင်းဆုံးကြိုးစားကစားသွားခဲ့ပါတယ်။ ဒါကပဲ ကျွန်တော်တို့ကစားချင်တဲ့ ပုံစံမျိုးဖြစ်ပါတယ်”လို့ ပြောပါတယ်။
မက်ဆီနဲ့သူ့ရဲ့အသင်းဖော်တွေကတော့ CF Montreal နဲ့ ဇူလိုင် ၆ ရက်မှာ မေဂျာလိဂ်ပွဲစဉ်ကစားရဖို့ရှိနေလို့ အခုရှုံးနိမ့်မှုမှ အလျှင်မြန်ဆုံးနိုးထလာနိုင်ရန် လိုအပ်နေပါတယ်။