ချန်ပီယံလိဂ်ဖိုင်နယ်အနိုင်ရရှိမှုအပြီး အာဆင်နယ်ရဲ့နည်းဗျူဟာပိုင်းအပေါ် ဝေဖန်ပြောဆိုလိုက်တဲ့ ပီအက်စ်ကြယ်ပွင့်ဂျာအိုနီဗက်စ်
ဂျာအိုနီဗက်စ်က မနေ့ညပိုင်း၊ ချန်ပီယံလိဂ်ဗိုလ်လုပွဲရဲ့ပွဲချိန်တလျှောက်လုံး ပီအက်စ်ဂျီအသင်းသာ ဘောလုံးကစားဖို့ စိတ်အားထက်သန်နေတယ်လို့ ပြောဆိုရင်း ပြိုင်ဘက်အာဆင်နယ်အသင်း အသုံးပြုခဲ့တဲ့ နည်းဗျူဟာပိုင်းကို ဝေဖန်လိုက်ပါတယ်။
အသက် ၂၁ နှစ်အရွယ်ကစားသမားက အာဆင်နယ်ကို ပီအက်စ်ဂျီတို့ ပယ်နယ်တီအဆုံးအဖြတ်ဖြင့် အနိုင်ယူပြီး ဒုတိယမြောက်ချန်ပီယံလိဂ်ဖလားကိုင်မြှောက်နိုင်ခဲ့တဲ့ပွဲစဉ်မှာ မိနစ် ၁၂၀ အပြည့် ပါဝင်ကစားခဲ့ပါတယ်။
ဒီပွဲစဉ်မှာ ပီအက်စ်ဂျီက ပွဲချိန်တလျှောက်လုံး လွှမ်းမိုးထားနိုင်ခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှု ၇၅ ရာခိုင်နှုန်း၊ ဂိုးပေါက်ကန်သွင်းမှု ၂၁ ကြိမ်နဲ့ အခွင့်အရေးကောင်း ၃ ကြိမ်အထိ ဖန်တီးနိုင်ခဲ့ပြီး အာဆင်နယ်ရဲ့ကစားကွက်နဲ့ လုံး၀ကို ဆန့်ကျင်ဘက်ဖြစ်နေခဲ့ပါတယ်။
ပွဲစဉ်အပြီး နီဗက်စ်က ပီအက်စ်ဂျီရဲ့နိုင်ပွဲအတွက် ဝမ်းမြောက်ဝမ်းသာဖြစ်နေခဲ့ပြီး ပြိုင်ဘက်ဂန်းနားတွေရဲ့နည်းဗျူဟာပိုင်းကို ဝေဖန်ခဲ့ပါတယ်။
"စိတ်ခံစားမှုတွေ ရှိနေပါတယ်။ ဒါက ကျွန်တော့်ရဲ့ဒုတိယမြောက်ဥရောပချန်ပီယံဆုပါ။ အောင်ပွဲရရှိရုံတင်မက ဒီလိုအသင်းဖော်တွေ၊ ဝန်ထမ်းတွေ၊ နည်းပြတွေနဲ့အတူ ကစားနေရတယ်ဆိုတာကိုက ကျွန်တော့်ကို ပျော်ရွှင်စေပါတယ်" လို့ သူက ပြောပါတယ်။
"ဒီအသင်းဆီရောက်ရှိလာရတယ်ဆိုတာ ကျွန်တော့်ဘဝမှာ အကောင်းဆုံးရွေးချယ်မှုပါပဲ။ ဒီမှာရှိတဲ့အရာအားလုံးကို ကျွန်တော်ချစ်ပါတယ်။ ပီအက်စ်ဂျီက ဒီနေ့မှာ ဘောလုံးကစားချင်တဲ့ တစ်ခုတည်းသောအသင်းဖြစ်လို့ ဒီနေ့အောင်ပွဲနဲ့ ကျွန်တော်တို့ထိုက်တန်ပါတယ်"လို့ ဆက်ပြောခဲ့ပါတယ်။