ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်းတိုးမြှင့်သွားဖွယ်ရှိတဲ့ ဂျာအိုနီဗက်စ်
ပြင်သစ်ထိပ်သီးကလပ်ပီအက်စ်ဂျီရဲ့ကွင်းလယ်ကြယ်ပွင့်ဂျာအိုနီဗက်စ်က လက်ရှိကလပ်အသင်းနဲ့အတူ စာချုပ်သစ်ချုပ်ဆိုသွားဖွယ်ရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။
အသက် ၂၁ နှစ်အရွယ်ကစားသမားဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လအတွင်း ဘင်ဖီကာမှ ပီအက်စ်ဂျီဆီ ပြောင်းရွှေ့လာခဲ့ပြီး ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူစာရင်းဝင်အဖြစ် ခြေစွမ်းပြသနေပါတယ်။
နာမည်ကြီးအားကစားသတင်းထောက်ဖာဘရီဇီယိုရိုမာနိုရဲ့အဆိုအရ နီဗက်စ်ရဲ့သိသိသာသာတိုးတက်လာတဲ့ခြေစွမ်းကြောင့် အသင်းဘက်မှ အခုလို ထိုက်ထိုက်တန်တန် ဆုချီးမြှင့်ဖို့ ပြင်ဆင်လာခြင်းဖြစ်တယ်လို့ သိရပါတယ်။
နီဗက်စ်က ပီအက်စ်ဂျီနဲ့ နောက်ထပ်တစ်နှစ်စာချုပ်သက်တမ်းတိုးဖွယ်ရှိပြီး အသင်းမှာ ၂၀၃၀ ပြည့်နှစ်အထိ ဆက်ရှိနေဖို့ ရည်ရွယ်ထားပုံရပါတယ်။ အခုချုပ်ဆိုမယ့်စာချုပ်သစ်ရဲ့အစိတ်အပိုင်းတစ်ခုအဖြစ် နီဗက်စ်က လုပ်ခလစာတိုးမြှင့်ခံစားခွင့် ရရှိပါလိမ့်မယ်။