
အင်္ဂလန်ရဲ့ရွှေရောင်မျိုးဆက်ကို အတ္တကြီးလွန်းသူအရှုံးသမားတွေလို့ ဝေဖန်လိုက်တဲ့ ဂျရတ်
လီဗာပူးကွင်းလယ်ကစားသမားဟောင်း စတီဖင်ဂျရတ်က အင်္ဂလန်ရွှေရောင်မျိုးဆက်ကို လက်ရွေးစင်အသင်းဖော်တွေအကြား ဖော်ရွေမှုမရှိသောပတ်ဝန်းကျင်နဲ့အတူ လက်တွဲလုပ်ဆောင်ဖို့ ပျက်ကွက်ခဲ့ခြင်းကြောင့် အလားအလာကောင်းများပျောက်ဆုံးသွားတဲ့ အတ္တကြီးလွန်းသူအရှုံးသမားတွေလို့ ပြောဆိုလိုက်ပါတယ်။
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်လွန်ကာလတွေမှာ ဂျရတ်၊ ဘက်ခမ်း၊ ပေါလ်စခိုး၊ ဖာဒီနန်နဲ့ ဖရန့်လမ်းပတ်တို့လို ဒိတ်ဒိတ်ကျဲကစားသမားတွေပါဝင်တဲ့ အင်္ဂလန်လက်ရွေးစင်အသင်းဆီမှ အောင်မြင်မှုကြီးကြီးမားရရှိဖို့ မျှော်လင့်ခဲ့ကြပေမဲ့ ဒီအသင်းဟာ အဓိကပြိုင်ပွဲကြီးတစ်ရပ်ရဲ့ကွာတားဖိုင်နယ်အဆင့်ကိုတောင် မကျော်ဖြတ်နိုင်ခဲ့ပါဘူး။
ဖာဒီနန်နဲ့အတူတင်ဆက်တဲ့ Podcast အစီအစဉ်တစ်ခုအတွင်း အင်္ဂလန်အသင်းခေါင်းဆောင်ဟောင်း ဂျရတ်က “ ကျွန်တော်တို့အားလုံးကို အတ္တကြီးလွန်းတဲ့ အရှုံးသမားတွေလို့ပဲ ယူဆမိပါတယ်။ အခုအချိန်မှာ ပြောဆိုတင်ဆက်မှုတွေကို ကျွန်တော် စောင့်ကြည့်ဖြစ်ပါတယ်။ ဒီလိုအစီအစဉ်မျိုးမှာဆိုရင် ကာရေဂါနဲ့ ပေါလ်စခိုးတို့ အတူတကွယှဉ်တွဲထိုင်ပြီး နှစ် ၂၀ လောက်တွဲဖက်ကစားဖူးတဲ့ အသင်းဖော်ကောင်းတွေလို ဆွေးနွေးကြပါတယ်။
အခုအချိန်ကျမှ ကျွန်တော်တို့အားလုံး ဘာလို့ရင့်ကျက်ကြတာလဲ? လက်ရွေးစင်ကစားသမားဘဝတုန်းက ကျွန်တော်တို့အချင်းချင်းကြားမှာ ဘာကြောင့် အခုလိုမျိုး မချိတ်ဆက်နိုင်ကြတာလဲ? အဲ့ဒီတုန်းက အင်္ဂလန်အသင်းဖော်တွေအဖြစ် ဘာကြောင့် စည်းစည်းလုံးလုံးမရှိနိုင်ကြတာလဲ?
ဒါက အင်္ဂလန်လက်ရွေးစင်အသင်းအတွင်း ကျွန်တော်တို့အချင်းချင်းကြားမှာ ချိတ်ဆက်မှု ဘယ်လိုမှမရှိခဲ့တဲ့ ယဉ်ကျေးမှုတစ်ရပ်နဲ့ သက်ဆိုင်တယ်လို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့အချင်းချင်းကြားမှာ ဖော်ဖော်ရွေရွေလည်း မရှိပါဘူး။ ကျွန်တော်တို့တွေ အသင်းတစ်ခုအဖြစ်တောင် မရှိခဲ့ဖူးပါဘူး။ ကျွန်တော်တို့က စစ်မှန်ခိုင်မာအားကောင်းတဲ့ အသင်းတစ်ခုအဖြစ် ဘယ်တုန်းကမှ မဖြစ်လာခဲ့ပါဘူး” လို့ ပြောပါတယ်။
ဆက်လက်ပြီး ဂျရတ်က အင်္ဂလန်လက်ရွေးစင်အသင်းစခန်းသွင်းလေ့ကျင့်ချိန် သူမုန်းတီးမိတဲ့အရာကို ပြောပြခဲ့ပါတယ်။ သူက “ အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ကစားပေးရတာကို ကျွန်တော် ကြိုက်နှစ်သက်ပါတယ်။ တကယ်လည်း ဂုဏ်ယူမိပါတယ်။ လေ့ကျင့်ရေးကွင်းမှာလည်း ပျော်ရွှင်ခဲ့ဖူးပေမယ့် ဒါက တစ်ရက်ကို မိနစ် ၉၀ သာသာလောက်ပါပဲ။ ပြီးရင်တော့ လန်ဒန်မှာပဲဖြစ်ဖြစ်၊ ရိုမေးနီးယားမှာပဲဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကျွန်တော်တစ်ဦးတည်းသာ ရှိနေခဲ့ပါတယ်”လို့ ပြောပါတယ်။
၂၀၁၄ ခုနှစ်မှာ လက်ရွေးစင်ကစားသမားဘဝအနားယူခဲ့တဲ့ ဂျရတ်က နည်းပြလောကဆီ ကူးပြောင်းလာခဲ့ပြီး ၂၀၁၈ ခုနှစ်မှ ၂၀၂၁ ခုနှစ်အထိ ရိန်းဂျားစ်အသင်းကိုတာဝန်ယူကာ ၂၀၂၀-၂၀၂၁ စကော့တလန်ပရီးမီးယားရှစ်ချန်ပီယံဆုကို ဆွတ်ခူးခဲ့ပါတယ်။