ကိုဗင်ထရီစီးတီးအသင်းနဲ့ စာချုပ်သက်တမ်းတိုးလိုက်တဲ့ ဖရန့်လမ်းပတ်
ဖရန့်လမ်းပတ်ဟာ ကိုဗင်ထရီအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုလိုက်ပြီဖြစ်လို့ ၂၀၂၉ ခုနှစ်အထိ ပရီးမီးယားလိဂ်ကလပ်မှာ ဆက်ရှိနေတော့မှာဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရာသီက ချန်ပီယံရှစ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့ပြီးနောက် ကိုဗင်ထရီအသင်းကို ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် အင်္ဂလန်အဆင့်မြင့်ဆုံးလိဂ်ဆီ ပြန်လည်ပို့ဆောင်ပေးနိုင်ခဲ့ချိန်မှာ လမ်းပတ်က အသင်းကို တာဝန်ယူကိုင်တွယ်နေခဲ့တာပါ။
အသက် ၄၈ နှစ်အရွယ် အင်္ဂလန်ကွင်းလယ်လူဟောင်းဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလမှာ ဒီကလပ်အသင်းကို စတင်တာဝန်ယူခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာတင် အသင်းကို ပလေးအော့ဖ်အဆင့်ထိ ရောက်အောင် ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ဆီမီးဖိုင်နယ်မှာတော့ ဆန်းဒါးလန်းကို ရှုံးနိမ့်ခဲ့ပါတယ်။ "စာချုပ်သစ်ချုပ်ဆိုနိုင်ခဲ့လို့ တကယ်ပဲ ဝမ်းသာမိသလို ဒီကလပ်ကို ကိုယ်စားပြုခွင့်ရတာဟာ တကယ့်ကို ဂုဏ်ယူစရာပါပဲ" လို့ လမ်းပတ်က ပြောကြားခဲ့ပြီး ပရီးမီးယားလိဂ်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။
ချဲလ်ဆီး၊ အဲဗာတန်နဲ့ ဒါဘီအသင်းတွေကို ကိုင်တွယ်ခဲ့ဖူးတဲ့ လမ်းပတ်က "အသင်းကို တန်းတက်အောင်နဲ့ ချန်ပီယံဆုရအောင် အားလုံးက ဝိုင်းဝန်းကြိုးစားပေးခဲ့ကြပြီးနောက်မှာတော့ အဲဒီအောင်ပွဲကို အတူတူပျော်ရွှင်ခဲ့ကြပါတယ်၊ တစ်မြို့လုံးကလည်း ပျော်ရွှင်ခဲ့ကြတာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။ "အခုကတော့ ဝန်ထမ်းတွေရော၊ ကစားသမားတွေပါ အားအင်ပြန်ဖြည့်ဖို့ လိုသလို ရှေ့ရာသီမှာ ဘာတွေလုပ်ရမလဲဆိုတာကိုလည်း အာရုံစိုက်ရမှာပါ။ ကွင်းအတွင်းမှာရော ကွင်းအပြင်ဘက်မှာပါ လုပ်စရာတွေ အများကြီးရှိနေလို့ အဲဒီကိစ္စတွေကိုလည်း တစ်ဆက်တည်း လုပ်ဆောင်နေပါတယ်။ ကစားသမားတွေနဲ့ ပြန်ဆုံဖို့၊ သူတို့အားလုံးကို ပြန်တွေ့ပြီး ရာသီသစ်အတွက် ပြင်ဆင်မှုတွေလုပ်ဖို့ ကျွန်တော် မျှော်လင့်စောင့်စားနေပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။
ကိုဗင်ထရီအသင်းဟာ ပရီးမီးယားလိဂ်ကို ပြန်လည်ရောက်ရှိချိန်မှာ ခက်ခဲတဲ့ပွဲစဉ်နဲ့ စတင်ရမှာဖြစ်ပြီး လမ်းပတ်ရဲ့အသင်းဟာ လာမယ့် ဩဂုတ်လ ၂၁ ရက်နေ့မှာ လက်ရှိချန်ပီယံ အာဆင်နယ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။