
အင်္ဂလန်အသင်းနဲ့အတူ ကမ္ဘာ့ဖလားကို ဂျုဒ် ဘယ်လင်ဂမ် လိုက်ပါသင့်ကြောင်းပြောကြားလိုက်တဲ့ သီဘော့ ကော်တွိုက်
သီဘော့ ကော်တွိုက်က သူ့ရဲ့ ရီးရဲလ်မက်ဒရစ်အသင်းဖော် ဂျုဒ် ဘယ်လင်ဂမ်ဟာ ၂၀၂၆ ကမ္ဘာ့ဖလားမှာ အင်္ဂလန်အသင်းအတွက် ကစားပေးကို ကစားပေးရမှာဖြစ်တယ်လို့ သဘောထားပေးခဲ့ပါတယ်။ ဘက်စုံထူးချွန်တဲ့ အဆိုပါကွင်းလယ်ကစားသမားကို သောမတ်စ် တူချယ်လ်ရဲ့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ ခြင်္သေ့သုံးကောင်လူစာရင်းကနေ ချန်လှပ်ခဲ့တာကြောင့် အင်္ဂလန်မှာ အံ့အားသင့်ဖွယ်ရာ ငြင်းခုံမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။ သူဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာနေဆဲဖြစ်ပေမယ့် ဘယ်လင်ဂမ်ရဲ့ စိတ်နေသဘောထားနဲ့ တောင်းဆိုမှုများတဲ့ ဂျာမန်သားနည်းပြတစ်ယောက် တည်ဆောက်နေတဲ့ အသင်းပုံစံထဲမှာ သူဘယ်လောက် အံဝင်မလဲဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်လာခဲ့ပါတယ်။
ဘယ်လ်ဂျီယံလက်ရွေးစင် ဂိုးသမား ကော်တွိုက်ကတော့ ဖီဖာရဲ့ အထင်ကရပြိုင်ပွဲကြီး အမေရိကန်၊ ကနေဒါ နဲ့ မက္ကဆီကိုနိုင်ငံတွေမှာ ကျင်းပတဲ့အခါ ဘယ်လင်ဂမ်ဟာ အင်္ဂလန်ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်လာလိမ့်မယ်ဆိုတာကို သံသယမရှိပါဘူး။ နိုဝင်ဘာလမှာ နောက်တစ်ကြိမ် ပြည်တွင်းပွဲစဉ်တွေ ရပ်နားတဲ့အခါမှာ သူဟာ အသင်းလူစာရင်းထဲကို ပြန်လည်ရောက်ရှိလာမယ်လို့ မျှော်လင့်ထားကြပါတယ်။
အသက် ၂၂ နှစ်အရွယ် ဘယ်လင်ဂမ်ဟာ နွေရာသီက ခံယူခဲ့တဲ့ ပခုံးခွဲစိတ်မှုကနေ ပြန်လည်သက်သာလာနေတာကြောင့် အဲ့ဒီအချိန်လောက်ဆိုရင် ကြံ့ခိုင်မှုအပြည့်အဝ ပြန်ရနေလောက်ပါပြီ။ သူဟာ ဒီရာသီမှာ ရီးရဲလ်အတွက် ၅ ပွဲသာ ကစားထားရသေးပြီး ဘလန်ကိုစ်နည်းပြသစ် ဇာဗီ အလွန်ဆိုရဲ့ လက်အောက်မှာ အိမ်နီးချင်း အက်သလက်တီကို မက်ဒရစ်နဲ့ ဒါဘီပွဲစဉ်မှာသာ ပွဲထွက်ကစားသမားအဖြစ် တစ်ကြိမ်သာ ပါဝင်ခဲ့ရပါသေးတယ်။
ကော်တွိုက်ကတော့ ကမ္ဘာ့အဆင့်ပြိုင်ပွဲကြီး မစတင်ခင် အချိန်အတော်ကြာကတည်းက ဘယ်လင်ဂမ်ဟာ အသင်းလူစာရင်းထဲကို ပြန်လည်ခေါ်ယူခံရမှာဖြစ်ကြောင်း ယုံကြည်နေပြီး မြောက်အမေရိကမှာကျင်းပမယ့် ပြိုင်ပွဲကြီးမှာ သူ့ရဲ့ကလပ်အသင်းဖော်တစ်ဦး ပါဝင်လာမယ်လို့ မျှော်လင့်ထားသလားလို့ သတင်းထောက်တွေက မေးမြန်းရာမှာ "ဟုတ်ကဲ့၊ ဒါပေါ့။ ဂျုဒ်မပါတဲ့ အင်္ဂလန်အသင်းကို ကျွန်တော်တို့ စိတ်ကူးကြည့်လို့တောင် မရပါဘူး။ သူဟာ အင်္ဂလန်လူစာရင်းထဲမှာ သေချာပေါက် ရှိနေသင့်ပါတယ်" လို့ ဖြေကြားခဲ့ပါတယ်။
ဘယ်လ်ဂျီယံဂိုးသမားက ခြင်္သေ့သုံးကောင်တို့ ဘယ်လင်ဂမ်မပါဘဲ ကမ္ဘာ့ဖလားခြေစစ်ပွဲအောင်မြင်ခဲ့တဲ့အပေါ်မှာ "ဒါက ပြဿနာတစ်ခုလို့ ကျွန်တော်မထင်ပါဘူး။ ဂျုဒ်က ဒဏ်ရာကနေ ပြန်ကောင်းလာတုန်း၊ ခွဲစိတ်မှုလုပ်ထားပြီး သူ့ရဲ့ကြံ့ခိုင်မှုကို ပြန်လည်တည်ဆောက်နေရတာပါ"
"သူ ကစားဖို့လိုပါတယ်။ သူ သိပ်ပြီးပွဲမကစားရသေးတော့ အင်္ဂလန်နဲ့ ရီးရဲလ်မက်ဒရစ်အတွက် သူလေ့ကျင့်ခန်းဆင်းပြီး အပိုလေ့ကျင့်မှုတွေ လုပ်နေတာက ပိုကောင်းပါတယ်။ အခု ကျွန်တော်တို့မှာ ပွဲကျပ်တချို့ရှိနေပြီး သူက အံ့မခန်းကစားသမားတစ်ယောက်ဖြစ်လို့ ကျွန်တော်တို့ကို ကူညီပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ပါ။ တူချယ်လ်က သူ့ကို ဖုန်းခေါ်ခဲ့လား မခေါ်ခဲ့လားတော့ ကျွန်တော်မသိဘူး။ ဒါပေမဲ့ နိုဝင်ဘာလမှာတောင် သူ အင်္ဂလန်လူစာရင်းထဲကို ပြန်ရောက်လာမယ်ဆိုတာ ကျွန်တော်သေချာပါတယ်။ ဂျုဒ်လို ကစားသမားမျိုးကို လူစာရင်းထဲမှာ ထည့်ထားချင်ကြမှာပါ" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။
ကော်တွိုက်က ရီးရဲလ်နဲ့ အင်္ဂလန်တို့ ဘယ်လင်ဂမ်ကို ဂရုတစိုက်ကိုင်တွယ်နေတဲ့အပေါ်မှာ "သူက လေးလကြာမြင့်တဲ့ ဒဏ်ရာရထားတာဖြစ်လို့ အရမ်းမြန်မြန် ပြန်ကစားခိုင်းလို့မရပါဘူး။ အဲ့ဒီလိုလုပ်လိုက်ရင် ကြွက်သားဒဏ်ရာတွေရပြီး ရက်သတ္တပတ်အနည်းငယ် နားလိုက်ရ၊ နောက်တစ်ခါ ထပ်ဖြစ်ရင် နောက်ထပ် ရက်သတ္တပတ်အနည်းငယ် နားလိုက်ရနဲ့ ဖြစ်သွားနိုင်ပါတယ်။အကောင်းဆုံး ကြံ့ခိုင်မှုအဆင့်ကို ရောက်ဖို့လိုပါတယ်၊ အဲ့ဒီအခါကျရင်တော့ အားလုံးအဆင်ပြေသွားမှာပါ" လို့ ဆက်လက်ပြောကြားခဲ့ပါတယ်။
အင်္ဂလန်လက်ရွေးစင်ဟောင်း ဒန်နီ မာဖီကလည်း ဘယ်လင်ဂမ်ရဲ့ အားနည်းချက်လို့ ယူဆကြတဲ့အရာတွေဟာ လူအများအမြင်မှာ အားသာချက်တွေအဖြစ် ရှုမြင်နိုင်ကြောင်း မကြာသေးမီက GOAL သတင်းဌာနသို့ "ကျွန်တော် အင်္ဂလန်အသင်းမှာ ဝိန်း ရွန်းနီရဲ့ အစောပိုင်းကာလတွေမှာ သူနဲ့အတူ တွဲကစားခဲ့ဖူးတယ်၊ လီဗာပူးမှာ စတီဗင် ဂျာရတ်နဲ့လည်း တွဲကစားခဲ့ဖူးတယ်။ သူတို့နှစ်ယောက်လုံးမှာ အဲ့ဒီလို စိတ်ဓာတ်ပြင်းပြမှု၊ သူတို့ကို တခြားသူတွေထက် သာလွန်စေတဲ့ အပိုထူးခြားတဲ့ အရည်အသွေးနဲ့ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုတွေ ရှိကြတယ်။ ဒါကို ကြိုက်သလို အဓိပ္ပာယ်ဖွင့်လို့ရပါတယ်။ ကျွန်တော့်အထင်တော့ အဲ့ဒီလိုလူမျိုးတွေ၊ သူလုပ်ပြခဲ့သလိုမျိုး ကွင်းထဲရောက်ရောက်ချင်း လုပ်ပြနိုင်ခဲ့တဲ့ လူငယ်လေးတွေအကြောင်း ပြောတဲ့အခါမှာ တစ်ခုတည်းသော အရေးပါတဲ့အချက်က သူတို့ ကွင်းထဲမှာ ဘာတွေလုပ်ပြနိုင်သလဲ ဆိုတာပါပဲ။ ဒါက ပွဲအပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲ၊ သူ့အပေါ် ဘယ်လိုသက်ရောက်မှုရှိသလဲပေါ့"
"တချို့လူတွေက သူမပါရင် အသင်းက ပိုပြီးစည်းလုံးညီညွတ်မှုရှိမယ်လို့ ပြောနေကြတယ်။ ဒါတွေက အဓိပ္ပာယ်မရှိပါဘူး။ ကျွန်တော်တို့မှာ ကစားသမားကောင်းတွေ အများကြီးရှိတာပေါ့။ မော်ဂန် ရော်ဂျာစ်ကို ကျွန်တော်ကြိုက်တယ်၊ ဗီလာက ကောင်လေးက ကောင်းကောင်းလုပ်ပြနိုင်ခဲ့တယ်၊ သူဝင်လာပြီး ကစားနိုင်တယ်။ ကိုးလ် ပါးလ်မာဆိုရင် ကျွန်တော်က သူ့ရဲ့ အမာခံပရိသတ်တွေထဲက တစ်ယောက်ပါ။ ဒါပေမဲ့ ဘယ်လင်ဂမ်ကတော့ ကိုယ့်ကိုယ်ကိုယ် အဲ့ဒီလို ယုံကြည်မှုမရှိဘဲနဲ့တော့ ရီးရဲလ်မက်ဒရစ်လိုအသင်းကို ပထမဆုံးရာသီမှာတင် ရောက်သွားပြီး သူလုပ်ပြခဲ့သလိုမျိုး လုပ်ပြနိုင်မှာမဟုတ်ပါဘူး။ သူ အဲ့ဒီစိတ်ဓာတ်နဲ့ ချဉ်းကပ်ပုံအတိုင်း ဆက်သွားလိမ့်မယ်လို့ ကျွန်တော် တကယ်ပဲ မျှော်လင့်ပါတယ်။ ဘာလို့လဲဆိုတော့ အဲ့ဒါတွေက သူ့ကို ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်စေလို့ပါပဲ" လို့ ပြောပါတယ်။
အင်္ဂလန်အသင်းဟာ လတ်ဗီးယားကို အဝေးကွင်းမှာ ၅-၀ ဂိုး ဆိုတဲ့ ဂိုးပြတ်နဲ့ အနိုင်ရရှိပြီး ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။ တူချယ်လ်ကတော့ မကြာသေးမီက စခန်းသွင်းလေ့ကျင့်မှုတွေမှာ ခြေစွမ်းပြခဲ့တဲ့ ကစားသမားတွေကိုပဲ သစ္စာရှိစွာ ဆက်လက်ရွေးချယ်သွားမယ်လို့ ကတိပြုထားတာကြောင့် ဘယ်လင်ဂမ်၊ ချဲလ်ဆီးရဲ့ အဓိကကစားသမား ကိုးလ် ပါးလ်မာနဲ့ မန်စီးတီး ကစားကွက်ဖန်တီးရှင် ဖီးလ် ဖိုဒန်တို့လို ကစားသမားတွေအနေနဲ့ အသင်းလူစာရင်းထဲကို ပြန်လည်အရွေးခံချင်တယ်ဆိုရင် ကလပ်အသင်းအဆင့်မှာ သူတို့ရဲ့တန်ဖိုးကို သက်သေပြဖို့ လိုအပ်နေပါတယ်။