The network connection is lost.

Banner Image

ပင်နယ်တီအဆုံးအဖြတ်ခံယူနေချိန်မှာ ဘာကြောင့်စိတ်ဝင်စားဟန်မပြခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်ဟာ ဂရင်းစ်ဘီတောင်းနဲ့ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား ဒုတိယအဆင့်ပွဲစဉ်အတွင်း ပင်နယ်တီအဆုံးအဖြတ်ခံယူနေချိန်မှာ စိတ်ဝင်စားဟန်မပြခဲ့ဘဲ ယခုအခါမှာတော့ ဘာကြောင့်လဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ယူနိုက်တက်ဟာ ပထမပိုင်းအတွင်း ဂရင်းစ်ဘီရဲ့ ၂-၀ နဲ့ဦးဆောင်ခြင်းကိုခံခဲ့ရပေမယ့် ဒုတိယပိုင်းမှာ ဘရိုင်ယန်အမ်ဘွေမိုနဲ့ ဟယ်ရီမက်ဂွါရီတို့က ချေပဂိုးတွေပြန်လည်သွင်းယူနိုင်ခဲ့တာကြောင့် ၂-၂ ဆိုတဲ့သရေရလဒ်ကို ပြန်လည်ဖော်ဆောင်နိုင်ခဲ့ပါတယ်။ သို့သော်လည်း ပင်နယ်တီအဆုံးအဖြတ်မှာတော့ ကစားသမားသစ်တွေဖြစ်တဲ့ မားသီးယက်စ်ကွန်ဟာ၊ ဘရိုင်ယန်အမ်ဘွေမိုတို့ရဲ့လွဲချော်မှုတွေကြောင့် ယူနိုက်တက်ဟာ ၁၂-၁၁ ဆိုတဲ့ရလဒ်နဲ့ ဂရင်းစ်ဘီကိုရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ယူနိုက်တက်နဲ့ ဂရင်းစ်ဘီတို့ဟာ နောက်တစ်ဆင့်ကို ဘယ်အသင်းတက်ရောက်ရမယ်ဆိုတာ ဆုံးဖြတ်နိုင်ဖို့အတွက် နှစ်သင်းပေါင်း ပင်နယ်တီ ၂၆ ကြိမ်အထိ ကန်ခဲ့ရပေမယ့် နည်းပြအာမိုရင်ကတော့ စိတ်ဝင်စားဟန်မပြခဲ့ဘဲ တစ်ယောက်တည်းထိုင်နေခဲ့တာဖြစ်ပါတယ်။ 

ပွဲအပြီးမှာ အာမိုရင်က "ပင်နယ်တီအဆုံးအဖြတ်က အရေးမကြီးပါဘူး။တကယ်လို့ ကျွန်တော်တို့ ဒီပွဲမှာနိုင်ခဲ့ရင်လည်း အရေးမကြီးပါဘူး။ အရေးကြီးတာက ပွဲချိန်အတွင်း ကစားပုံတွေနဲ့ ကျွန်တော်တို့ ဘာတွေမှားခဲ့သလဲဆိုတာပါပဲ။ တကယ်လို့ ပင်နယ်တီရောက်မှနိုင်သွားရင် ပြိုင်ဘက်အသင်းအတွက် မတရားပါဘူး။ ဒါပေမယ့် ဒီနေ့မှာတော့ ဘောလုံးက တရားမျှတခဲ့ပြီး သူတို့နိုင်သွားပါတယ်။ သူတို့အတွက် ဂုဏ်ယူကြောင်းပြောချင်ပါတယ်။ အခုချိန်မှာ နောက်ပွဲအတွက်အာရုံစိုက်ပြီး ပြင်ဆင်သွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး ဒီပွဲမှာ အသင်းရဲ့စွမ်းဆောင်ရည်ကို စိတ်ပျက်မိသလားလို့မေးမြန်းခဲ့ရာ အာမိုရင်က "အရာရာတိုင်းမှာ စိတ်ပျက်မိပါတယ်။ ပွဲအစကတည်းက အသင်းက အတော်လေးခြေစွမ်းညံ့ဖျင်းနေခဲ့တာပါ။ ကျွန်တော်တို့ ဒီထက်အများကြီးပိုကောင်းအောင် ကစားနိုင်ခဲ့သင့်ပါတယ်။ ပရိသတ်တွေကို တောင်းပန်တဲ့စကားကလွဲပြီး ပြောစရာမရှိပါဘူး" လို့ဖြေကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ယခုနှစ် ၂၀၂၅-၂၆ ရာသီရဲ့ ပထမဆုံးနိုင်ပွဲကို စတင်ဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရပါမယ်။