The network connection is lost.

Banner Image

ဆက်စ်ကိုက ယူနိုက်တက်အတွက် အလွန်အရေးပါတဲ့ကစားသမားဖြစ်လာမယ်လို့ ကတ်စ်မဲရိုးအခိုင်အမာပြော

မန်ချက်စတာယူနိုက်တက်ဝါရင့်ကွင်းလယ်လူ ကတ်စ်မဲရိုးက ယခုနွေရာသီမှာ လိုက်ပ်ဇစ်မှ ခေါ်ယူထားခဲ့တဲ့ တိုက်စစ်မှူးသစ် ဘဂျမင်ဆက်စ်ကိုဟာ လက်ရှိအချိန်အထိတော့ အိုးလ်ထရက်ဖို့ဒ်မှာ ခြေစွမ်းပြသဖို့ ရုန်းကန်နေရပေမယ့် အနာဂတ်မှာတော့ အသင်းအတွက်အလွန်အရေးပါတဲ့ကစားသမားဖြစ်လာလိမ့်မယ်လို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

ယခု ၂၀၂၅-၂၆ ဘောလုံးရာသီအတွင်း ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်မှာ အာဆင်နယ်နဲ့ ဖူလ်ဟမ်တို့နဲ့ယှဉ်ပြိုင်ထားခဲ့ရပြီးဖြစ်ပေမယ့် နှစ်ပွဲစလုံးမှာ အနိုင်မရခဲ့ဘဲ တစ်ပွဲရှုံး တစ်ပွဲသရေနဲ့ ရလဒ်ပိုင်းမှာ အတော်လေးကျဆင်းနေတာဖြစ်ပါတယ်။ ဒါ့အပြင် ကြာသပတေးနေ့နံနက် ယှဉ်ပြိုင်ခဲ့တဲ့ ကာရာဘောင်ဖလား တတိယအဆင့်ပွဲစဉ်မှာလည်း ယူနိုက်တက်ဟာ အင်္ဂလန်လိဂ် ၂ ကလပ် ဂရင်းစ်ဘီကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အံ့အားသင့်ဖွယ်ရှုံးနိမ့်ပြီး ပြိုင်ပွဲကို လက်ပြနှုတ်ဆက်ခဲ့ရပါတယ်။ 

ဂရင်းစ်ဘီနဲ့ပွဲမှာ ယူနိုက်တက်ဟာ ပွဲကစားချိန် မိနစ် ၉၀ အတွင်း ၂-၂ နဲ့သရေကျခဲ့ပေမယ့် ပင်နယ်တီမှာ ကစားသမားသစ်တွေဖြစ်တဲ့ မားသီးယက်စ်ကွန်ဟာ၊ ဘရိုင်ယန်အမ်ဘွေမိုတို့ရဲ့လွဲချော်မှုတွေကြောင့် ၁၂-၁၁ ဆိုတဲ့ရလဒ်နဲ့ အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ယူနိုက်တက်ဟာ ၂၀၁၄-၁၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရာသီအစပွဲစဉ် ၃ ပွဲဆက်နိုင်ပွဲပျောက်တဲ့မှတ်တမ်းနဲ့ ပြန်လည်ကြုံတွေ့ခဲ့ရပါတယ်။ 

ဒါ့အပြင် ရူဘင်အာမိုရင်ရဲ့အသင်းဟာ အိုးလ်ထရက်ဖို့ဒ်မှာကစားခဲ့တဲ့ နောက်ဆုံးပရီးမီးယားလိဂ် ၁၃ ပွဲအတွင်း နိုင်ပွဲ ၃  ပွဲသာရရှိခဲ့ပြီး ၂ ပွဲသရေကျကာ၊ ၈ ပွဲအထိ ရှုံးနိမ့်ထားတာလည်းဖြစ်ပါတယ်။ ရူဘင်အာမိုရင် စတင်ကိုင်တွယ်ခဲ့တဲ့အချိန်ကစတင်ပြီး လက်ရှိပရီးမီးယားလိဂ်မှာ ယူနိုက်တက်ဟာ အိမ်ကွင်းရှုံးပွဲအများဆုံးအသင်းအဖြစ်လည်း ရပ်တည်ထားတာဖြစ်ပါတယ်။ 

ယခုအခါမှာတော့ အသင်းရဲ့တိုက်စစ်မှူးသစ် ဆက်စ်ကိုနဲ့ပတ်သက်ပြီး ကတ်စ်မဲရိုးက "သူ့မှာ အရည်အသွေးတွေရှိတာတော့ လူတိုင်းသိပါတယ်။ သူက ကျွန်တော်တို့အတွက် အရမ်းအရေးပါတဲ့ကစားသမားဖြစ်လာမှာပါ။ သူ့အတွက် အဆင်ပြေမှုတွေရောက်ရှိလာပြီး ဂိုးတွေသွင်းလာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ကို သွင်းဂိုးတွေအများကြီးနဲ့ အကူအညီပေးနိုင်မယ်လို့ ယုံကြည်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

လာမယ့်စနေနေ့မှာတော့ ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဘန်လေနဲ့ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ယခုနှစ်ရာသီ ပထမဆုံးနိုင်ပွဲကို စတင်ဖော်ဆောင်သွားနိုင်မလား အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်စောင့်ကြည့်သွားရပါမယ်။