
တီကိုစတားကိုခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာလိုက်တဲ့ အင်တာမိုင်ယာမီ
အင်တာမိုင်ယာမီအသင်းဟာ တီကိုကွင်းလယ်လူ ဒီပေါလ်ကို ကနဦးအငှား + အပြီးသတ်ဝယ်ယူခွင့်နဲ့ ခေါ်ယူနိုင်ခဲ့ပြီလို့ ကြေညာလိုက်ပါတယ်။
ဒီပေါလ်ဟာ အင်တာမိုင်ယာမီအသင်းထံ ကနဦးအငှားနဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၂၀၂၆ မှာ အပြီးသတ်ပြောင်းရွှေ့မှာဖြစ်ပါတယ်။ အင်တာမိုင်ယာမီအသင်းဒုဥက္ကဌ ဒေးဗစ်ဘက်ခမ်းကတော့ သူ့အနေနဲ့ ကာလရှည်သဘောကျခဲ့ရတဲ့ကစားသမားကိုခေါ်ယူနိုင်ခဲ့လို့ စိတ်လှုပ်ရှားမိကြောင်း ပြောကြားလိုက်ပါတယ်။
“ရိုဒရီဂိုက ကျွန်တော်ကာလရှည်သဘောကျခဲ့ရတဲ့ကစားသမားပါ။ ခေါင်းဆောင်တစ်ဦးအနေနဲ့ သူကစားတဲ့အသင်းအတွက် အများကြီးယူဆောင်လာပေးနိုင်ပါတယ်။ နိုင်ငံအသင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းမှာ ပိုမြင်ရနိုင်ပါတယ်။ သူက ကျွန်တော်တို့အသင်းထံ အတွေ့အကြုံ ၊ စိတ်အားထက်သန်မှု ၊ အရည်အချင်းတွေယူဆောင်လာပေးနိုင်ပါတယ်။ နောက်ထပ်ကမ္ဘာ့ဖလားဆုရှင်တစ်ဦးကို အင်တာမိုင်ယာမီအတွက်တင်မဟုတ်ပဲ မေဂျာလိဂ်အတွက်ပါခေါ်ယူနိုင်ခဲ့လို့ စိတ်လှုပ်ရှားမိပါတယ်”လို့ ဘက်ခမ်းက ပြောကြားခဲ့ပါတယ်။
အင်တာမိုင်ယာမီက မကြေညာခင်မှာ တီကိုအသင်းက လူမှုမီဒီယာကနေတစ်ဆင့် အာဂျင်တိုင်းသားကို နှုတ်ဆက်ခဲ့ပါတယ်။ အသက် ၃၁ နှစ်သားဟာ တီကိုအသင်းထံ လွန်ခဲ့တဲ့ ၄ နှစ်က အူဒီးနီးစ်အသင်းထံကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းအတွက် ၁၈၇ ပွဲမှာ ၁၄ ဂိုးသွင်း ၊ ၂၆ ဂိုးဖန်တီးနိုင်ခဲ့ပါတယ်။
“ကျွန်တော်တို့အသင်းဘက်ကနေ ဒီပေါလ်တစ်ယောက် အနာဂတ်မှာအောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်”လို့ တီကိုအသင်းက နှုတ်ဆက်ခဲ့ပါတယ်။ အင်တာမိုင်ယာမီမှာ ဒီပေါလ်တစ်ယောက် နာမည်ကျော်တွေနဲ့ပေါင်းဆုံရမှာဖြစ်ပါတယ်။ အသက် ၃၁ နှစ်သားဟာ လာလီဂါရဲ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးဖြစ်ပြီး အင်တာမိုင်ယာမီဟာ ယခင်တုန်းက နေမာ နဲ့ ဒီဘရိုင်းတို့ကို ချိတ်ဆက်ခဲ့တာဖြစ်ပါတယ်။
ဒီပေါလ်အတွက် အင်တာမိုင်ယာမီဟာ ဒေါ်လာ ၁၇ သန်းပေးချေခဲ့ရတာဖြစ်ပြီး တာဝန်ရှိသူတွေကတော့ အသင်းကို ကစားသမားကောင်းတွေနဲ့အတူ တည်ဆောက်နေတာဖြစ်ပါတယ်။
နိုင်ငံအသင်းမှာတော့ ဒီပေါလ်ကို မက်ဆီရဲ့ကိုယ်ရံတော်အဖြစ် စနောက်နေကြကာ လက်ရှိအင်တာမိုင်ယာမီမှာ နိုင်ငံအသင်းဖော် မက်ဆီနဲ့ ပေါင်းဆုံရတော့မှာဖြစ်ပါတယ်။