The network connection is lost.

Banner Image

ဒီရာသီက ကပ်ဆိုးဆိုက်တဲ့ရာသီတစ်ခုဖြစ်တယ်လို့ဆိုလာတဲ့ ဟာလန်း

မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက အသင်းရဲ့ကစားသမားတွေဟာ နိုင်ပွဲနဲ့ ဆုဖလားဆာလောင်စိတ်ပျောက်ဆုံးနေကြလို့ ဒီရာသီဟာ ကပ်ဆိုးဆိုက်တဲ့ ရာသီတစ်ခုဖြစ်တယ်လို့ အပြစ်တင်ပြောကြားလာခဲ့ပါတယ်။ 

နော်ဝေးလက်ရွေးစင်ဟာ သူကိုယ်တိုင်ကလည်း ဒီရာသီအတွင်း အသင်းကို လုံလောက်အောင်မကူညီနိုင်ခဲ့ကြောင်း ဝန်ခံပြောကြားခဲ့ပါတယ်။ The Daily Mail သတင်းဌာနသို့ အသက်-၂၄ နှစ်အရွယ်ကစားသမားက "ကျွန်တော်တို့အနေနဲ့ ဒဏ်ရာပြဿနာတွေကို ဆင်ခြေပေးလို့ရပါတယ်။ ဒဏ်ရာပြဿနာတွေကလည်း အချိန်ဆိုးမှာ တိုက်တိုက်ဆိုင်ဆိုင်ရောက်လာခဲ့တာပါ။ ဒါပေမယ့် သေချာပြန်ကြည့်မယ်ဆိုရင်တော့ ကျွန်တော်တို့မှာ လုံလောက်တဲ့ စွမ်းဆောင်ရည်မရှိခဲ့ပါဘူး"

"ကျွန်တော်ကိုယ်တိုင်လည်း အသင်းကို လုံလုံလောက်လောက်မကူညီနိုင်ခဲ့ပါဘူး။ ဒါကြောင့် ဒီရာသီက ကပ်ဆိုးဆိုက်တဲ့ရာသီတစ်ခုပါပဲ။ လာမယ့်ရာသီမှာတော့ ကျွန်တော်တို့ အစာအိမ်ထဲက နိုင်ပွဲဆာလောင်စိတ်တွေကို သေချာပေါက်ရှာဖွေသွားရပါမယ်" လို့ပြောကြားခဲ့ပါတယ်။ 

မန်စီးတီးဟာ ပရီးမီးယားလိဂ်ချန်ပီယံဆုဖလားကို ၄ နှစ်ဆက်တိုက်ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဒီရာသီမှာတော့ ချန်ပီယံဂုဏ်ပုဒ်ကို လီဗာပူးထံ လွှဲပြောင်းပေးအပ်ခဲ့ရပါတယ်။ ဒါ့အပြင် ပက်ဂွါဒီယိုလာရဲ့အသင်းဟာ ချန်ပီယံလိဂ်နဲ့ ကာရာဘောင်ဖလားပြိုင်ပွဲတွေကနေလည်း စောစောစီးစီးနုတ်ထွက်ခဲ့ရပါတယ်။ ဒါကြောင့် ဒီရာသီ မန်စီးတီးရဲ့နောက်ဆုံးဆုဖလား မျှော်လင့်ချက်ဟာ အက်ဖ်အေဖလားတစ်လုံးသာ ကျန်ရှိတော့တာလည်းဖြစ်ပါတယ်။ 

လာမယ့်စနေနေ့မှာတော့ မန်စီးတီးဟာ အက်ဖ်အေဖလားဗိုလ်လုပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒီရာသီမှာ အသင်းအတွက် ပြိုင်ပွဲစုံ ဂိုး ၃၀ သွင်းယူထားတဲ့ ဟာလန်းတစ်ယောက် နောက်ထပ်ဂိုးတွေ ထပ်ပေါင်းထည့်နိုင်မလား စောင့်ကြည့်ရပါမယ်။