ဘာစီလိုနာစတားထက် တပည့်ဟောင်းကိုသာ ဦးစားပေးခေါ်ယူခဲ့တဲ့ တန်ဟက်
သတင်းတွေအရ ယူနိုက်တက်အသင်းဟာ တန်ဟက်တစ်ယောက် အန်တိုနီကို ခေါ်ယူမယ့်အခြေအနေအား တားမြစ်ခဲ့ပြီး ရာဖင်ဟာကို အကြံပေးခဲ့တယ်လို့ သိရပါတယ်။ ၂၀၂၂ နွေရာသီတုန်းက ယူနိုက်တက်ဟာ ရော်နယ်ဒိုဆက်ရှိနေမှာ မသေချာတာကြောင့် တောင်ပံကစားသမားတစ်ဦးကိုခေါ်ယူဖို့ လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်ဟာ ရာဖင်ဟာကို စိတ်ဝင်စားခဲ့ပေမယ့် တန်ဟက်ကတော့ တပည့်ဟောင်းဖြစ်သူ အန်တိုနီကိုသာ အကြံပြုခဲ့တယ်လို့ သိရပါတယ်။ ဒါ့အပြင် ပီအက်စ်ဗွီက ဂတ်ပိုကိုလည်းချိတ်ဆက်ခဲ့ပေမယ့် အဆုံးသတ်မှာ အန်တိုနီသာရောက်လာခဲ့ပြီး သူနဲ့အတူ အေဂျက်အသင်းဖော်ဟောင်း မာတီနက်ဇ်ပါ တခါတည်းရောက်လာခဲ့ပါတယ်။ အခုချိန်မှာတော့ အန်တိုနီတစ်ယောက် မန်ချက်စတာမြေမှာ အထိုင်ကျဖို့ ရုန်းကန်ခဲ့ရတာကြောင့် ဘက်တစ်အသင်းထံ အငှားနဲ့ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။
ယူနိုက်တက်ကနေမထွက်ခွာခင်မှာ ဘရာဇီးသားဟာ အသင်းအတွက် ၉၆ ပွဲအထိ ပါဝင်ကစားခဲ့ကာ ၁၂ ဂိုးသွင်း ၊ ၅ ဂိုးဖန်တီးပေးနိုင်ခဲ့ပါတယ်။ လက်ရှိယူနိုက်တက် နဲ့ အန်တိုနီတို့ကြား ၂၀၂၇ အထိ စာချုပ်သက်တမ်းကျန်ရှိနေပြီး မကြာခင်မှာ အပြီးသတ်ရောင်းချဖွယ်ရှိနေပါတယ်။ အန်တိုနီအနေနဲ့ မန်ချက်စတာမြေမှာ ရုန်းကန်နေရတာကို စပိန်မြေမှာ ခြေစွမ်းအမှန်ပြန်ရနိုင်မလားဆိုတာ စောင့်ကြည့်ရမှာဖြစ်ပါတယ်။ ဂတ်ပိုကတော့ လက်ရှိလီဗာပူးအသင်းနဲ့အတူ အထိုင်ကျလာခဲ့ပြီး ၂၅ ပွဲမှာ ၁၄ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို ၅ ဂိုးဖန်တီးပေးထားနိုင်ပါတယ်။