ရာဖင်ဟာရဲ့ ဒဏ်ရာကြောင့် ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန် လာပေါ်တာ ဒေါသထွက်နေ
ဘာစီလိုနာဥက္ကဋ္ဌ ဂျိုအန် လာပေါ်တာက ဒီတစ်ပတ်အတွင်း ဘရာဇီးအသင်းနဲ့အတူ သွားရောက်ကစားစဉ် ရရှိခဲ့တဲ့ ရာဖင်ဟာရဲ့ ဒဏ်ရာအပေါ် ဒေါသထွက်မိတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
ရာဖင်ဟာဟာ ပြင်သစ်အသင်းနဲ့ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ ပေါင်နောက်ကြောကြွက်သား (Hamstring) စုတ်ပြဲဒဏ်ရာ ရရှိခဲ့တာကြောင့် ငါးပတ်ကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
ဒီသတင်းနဲ့ပတ်သက်ပြီး ဂျိုအန် လာပေါ်တာက Mon Esport ကို အခုလို ပြောပြခဲ့ပါတယ်။ "အမေရိကန်မှာ ကစားတဲ့ ပြင်သစ်နဲ့ ဘရာဇီး ခြေစမ်းပွဲမှာ အသင်းရဲ့ အကောင်းဆုံးကစားသမားတစ်ယောက် ဒဏ်ရာရသွားတာက တကယ်ကို ဒေါသထွက်စရာပါပဲ။"
"ဒီကိစ္စအတွက် မကစားနိုင်တော့တဲ့အပေါ် ကစားသမားမှာ တာဝန်ရှိတယ်လို့ ပြောလို့မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူက နိုင်ငံအတွက် အစွမ်းကုန်ကစားပေးတဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်လို့ ဒါက သဘာဝပါပဲ။ ဒါပေမဲ့ FIFA အနေနဲ့ အသင်းကြီးတွေရဲ့ ပြိုင်ပွဲတွေကို ထည့်သွင်းစဉ်းစားပေးတဲ့ နိုင်ငံတကာပွဲစဉ်ဇယားမျိုးကို ဖန်တီးပေးသင့်ပါတယ်" လို့ ၎င်းက ဆိုပါတယ်။
တစ်ဆက်တည်းမှာပဲ ဂျိုအန် လာပေါ်တာက နည်းပြ ဟန်စီဖလစ်ရဲ့ စာချုပ်သက်တမ်းတိုးမယ့် အစီအစဉ်နဲ့ ပတ်သက်ပြီးလည်း မှတ်ချက်ပေးခဲ့ပါတယ်။
၎င်းက "ရာသီကုန်မှပဲ ကျွန်တော်တို့ အေးအေးဆေးဆေး စကားပြောကြမှာပါ။ သူကိုယ်တိုင်ကလည်း အခုလောလောဆယ် စာချုပ်ကိစ္စကို အတင်းအကျပ် မလုပ်ချင်ပါဘူး။ သူက ကိုယ့်ကိုယ်ကိုယ်ရော၊ အလုပ်အပေါ်မှာပါ အရမ်းရိုးသားပြီး ပရော်ဖက်ရှင်နယ်ဆန်တဲ့သူပါ" လို့ ပြောကြားခဲ့ပါတယ်။
"သူက စာချုပ်သက်တမ်းတိုးဖို့ ထိုက်တန်တယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမဲ့ သူက ရာသီကုန်တဲ့အထိ အခြေအနေကို စောင့်ကြည့်ပြီးမှ ဘာဆက်လုပ်မလဲဆိုတာ ဆုံးဖြတ်ချင်နေတာပါ။ တကယ်လို့ နောက်ထပ်တစ်နှစ် ထပ်တိုးမယ်ဆိုရင်လည်း သူ့မှာ အဲဒီအခွင့်အရေး ရှိပြီးသားပါ။ ဒါပေမဲ့ သူက အချိန်ယူပြီး စဉ်းစားရတာကို ပိုကြိုက်ပါတယ်။ စာချုပ်သက်တမ်း ရှည်ရှည်ရထားရင် အောင်မြင်မှုတွေအပေါ် ရောင့်ရဲပြီး အားစိုက်မှု လျော့သွားမှာမျိုးကို သူ မဖြစ်စေချင်ပါဘူး။ သူက အရမ်းရိုးသားပြီး ပရော်ဖက်ရှင်နယ်ကျတဲ့သူဖြစ်လို့ ဘယ်လိုအခြေအနေမျိုးမှာမှ အဲဒီလို အဖြစ်မခံပါဘူး။ သူလုပ်တဲ့အလုပ်အပေါ် သူကိုယ်တိုင် ကျေနပ်နေဖို့နဲ့ အသိအမှတ်ပြုခံရဖို့ကိုပဲ သူက လိုလားတာပါ" လို့ ဂျိုအန် လာပေါ်တာက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။