ရော်နယ်ဒိုက ကစားသမားတိုင်းအတွက် စံပြဖြစ်တယ်လို့ ဖီးလစ်ဇ်ချီးကျူး
ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီးလစ်ဇ်က သူ့ရဲ့လက်ရွေးစင်နဲ့ ကလပ်အသင်းဖော် အယ်လ်နာဆာစူပါစတား ခရစ္စတီယာနိုရော်နယ်ဒိုဟာ ကစားသမားတိုင်းအတွက် စံပြဖြစ်ကြောင်းနဲ့ သူကိုယ်တိုင်လည်း ရော်နယ်ဒိုထံမှာ အများအပြားလေ့လာသင်ယူနေကြောင်း ပြောကြားလာခဲ့ပါတယ်။
မန်ချက်စတာယူနိုက်တက်နဲ့လမ်းခွဲပြီးနောက် ၂၀၂၃ ခုနှစ်မှာ ရော်နယ်ဒိုတစ်ယောက် ဆော်ဒီပရိုလိဂ်ကလပ် အယ်လ်နာဆာသို့ပြောင်းရွှေ့လာခဲ့ပြီး နောက်ပိုင်းမှာတော့ ဥရောပရဲ့နာမည်ကျော်ကစားသမားတွေကလည်း ဆော်ဒီလိဂ်သို့ ရောက်ရှိလာခဲ့ကြပါတယ်။ အဆိုပါကစားသမားတွေထဲမှာ ဖီးလစ်ဇ်ကလည်း တစ်ဦးအပါအဝင်ဖြစ်ပြီး လက်ရှိရာသီမှာတော့ ဖီးလစ်ဇ်ဟာ ရော်နယ်ဒိုထက် ၁ ဂိုးအသာ အယ်လ်နာဆာအတွက် ၁၄ ဂိုးအထိသွင်းယူပေးထားနိုင်ပါတယ်။
ဆော်ဒီပရိုလိဂ်နဲ့ပြုလုပ်ခဲ့တဲ့အင်တာဗျူးမှာ ဖီးလစ်ဇ်က "ခရစ္စတီယာနိုကို အသင်းဖော်တစ်ယောက်အနေနဲ့ ဆက်ဆံရတာ အရမ်းကောင်းပါတယ်။ သူက အသင်းအတွက် အစွမ်းကုန်ဖြည့်ဆည်းပေးသလို၊ သင်ကြားမှုတွေလည်း အများကြီးလုပ်နိုင်ပါတယ်။ သူ့ရဲ့အလုပ်အပေါ် ကြိုးစားအားထုတ်မှုနဲ့ စိတ်နှစ်မြှုပ်ထားမှုအပိုင်းတွေက ကစားသမားတွေအတွက် စံပြတစ်ယောက်ဖြစ်စေပါတယ်"
"ကျွန်တော်တို့ အသင်းဖော်တွေအားလုံး သူ့အနားမှာနေခွင့်ရတဲ့အတွက် ပိုကောင်းတဲ့ကစားသမားတွေဖြစ်လာခဲ့သလို ပိုပြီးတော့လည်း ပရော်ဖက်ရှင်နယ်ဆန်လာခဲ့ပါတယ်။ ဒီလိုဖြစ်ဖို့က ဒီနေ့ခေတ်ဘောလုံးလောကမှာ အရမ်းအရေးကြီးပါတယ်။ သူကနဲ့အတူတူရှိရတာ ကျွန်တော်တို့အတွက်အများကြီးအကူအညီရစေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ရော်နယ်ဒိုရဲ့အသက်အရွယ်နဲ့မလိုက်လုပ်ပြထားနိုင်တဲ့ စွမ်းဆောင်ချက်တွေနဲ့ပတ်သက်ပြီးတော့လည်း ဖီးလစ်ဇ်က "သူ့ရဲ့အတွေ့အကြုံတွေကို ကွင်းထဲမှာ ပြန်လည်ပြသနေတာက တကယ်ကိုထူးခြားပါတယ်။ အသက်-၄၀ အရွယ်မှာ ဒီလိုလုပ်ပြနေတာမြင်ရတော့ ကျွန်တော်တို့အတွက် ခွန်အားဖြစ်စေပါတယ်။ ကျွန်တော်တို့ သူ့ဆီကနေ အကောင်းမြင်စရာအချက်အလက်တွေအားလုံးကိုအမြဲတမ်းအတုယူဖို့ ကြိုးစားနေပါတယ်' လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ အယ်လ်နာဆာဟာ ဆော်ဒီပရိုလိဂ်အမှတ်ပေးဇယားရဲ့ ဒုတိယနေရာမှာရောက်ရှိနေပြီး ထိပ်ဆုံးကလက်ရှိချန်ပီယံ အယ်လ်ဟီလယ်ကို ၁ မှတ်အကွာနဲ့ ဖိအားပေးနေပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာရောက်ရှိလာခဲ့ကြတဲ့ ကစားသမားသစ်တွေဖြစ်တဲ့ ဖီးလစ်၊ အင်နီဂိုမာတီနက်ဇ်နဲ့ ကင်စ်လေကိုးမန်းတို့ဟာ ရော်နယ်ဒိုနဲ့အတူ အယ်လ်နာဆာအတွက် ပထမဆုံးအကြိမ်ဆော်ဒီပရိုလိဂ်ဖလားရယူနိုင်ဖို့ အစွမ်းကုန်ကြိုးစားနေကြတာလည်းဖြစ်ပါတယ်။