နယူးကာဆယ်ကို ဂိုးပြတ်နိုင်ခဲ့ပေမယ့် ခက်ခက်ခဲခဲကစားခဲ့ရတယ်လို့ ဝန်ခံလာတဲ့ ရာဖင်ဟာ
ဗုဒ္ဓဟူးနေ့ညက ကစားခဲ့တဲ့ပွဲစဉ်မှာ ၇-၂ ဆိုတဲ့ ဂိုးရလဒ်နဲ့ အနိုင်ရခဲ့ပေမဲ့ နယူးကာဆယ်အသင်းက သူတို့ကို ဘယ်လောက်အထိ ခက်ခဲအောင် လုပ်နိုင်ခဲ့သလဲဆိုတာကို အဆိုပါရလဒ်က အပြည့်အဝ ဖော်ပြနိုင်ခြင်းမရှိဘူးလို့ ဘာစီလိုနာတိုက်စစ်ကစားသမား ရာဖင်ဟာက ဝန်ခံပြောကြားခဲ့ပါတယ်။
ပွဲအတွင်းမှာ နှစ်ကြိမ်တိုင်တိုင် ချေပဂိုးတွေ ပြန်ပေးခဲ့ရပေမဲ့ ဒုတိယပိုင်းမှာတော့ ဘာစီလိုနာက ပြန်လည်ဦးဆောင်နိုင်ခဲ့ပြီး နှစ်ကျော့ပေါင်း ရလဒ် ၈-၃ နဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ်အဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ ၂ ဂိုးသွင်းယူပြီး ပွဲစဉ်တစ်လျှောက် အကောင်းဆုံးကစားသမား (man-of-the-match) ဆုကို ရရှိခဲ့တဲ့ ရာဖင်ဟာက "ခန္ဓာကိုယ်ကြံ့ခိုင်မှုပိုင်းမှာ အားသာတဲ့အသင်းနဲ့ ကစားရတာ တကယ့်ကို ခက်ခဲတဲ့ပွဲတစ်ပွဲဖြစ်မယ်ဆိုတာ ကျွန်တော်တို့ ကြိုသိထားပြီးသားပါ" လို့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။
"သူတို့က အရမ်းသန်မာကြပါတယ်။ ပရီးမီးယားလိဂ်မှာ ကျွန်တော် ကစားခဲ့ဖူးလို့ သူတို့ဘယ်လိုမျိုးလဲဆိုတာ သိပါတယ်။ အထူးသဖြင့် စိန့်ဂျိမ်းစ်ပတ်ခ်မှာဆိုရင် ပိုခက်ပါတယ်။ ဒါကြောင့် နယူးကာဆယ်ကွင်းမှာ သရေကျခဲ့ပြီးမှ ဒီမှာ ပြန်ကစားရတာ အခြေအနေကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။"
"ပြီးခဲ့တဲ့အပတ်က ကျွန်တော် ပြောခဲ့သလိုပဲ၊ သူတို့ကို ကျွန်တော်တို့ပရိသတ်တွေရှေ့မှာ မိနစ် ၉၀ ကြာအောင် ကစားခိုင်းဖို့ဆိုတာ သူတို့အတွက် ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ရဲ့ ဒုတိယပိုင်း ကစားပုံက ပိုပြီးကောင်းမွန်လာခဲ့တယ်လို့ ထင်ပါတယ်" လို့လည်း ၎င်းက ဆိုပါတယ်။
ပထမပိုင်းမှာ လာမင်းယမယ်လ် ပင်နယ်တီ ကန်ခဲ့တာနဲ့ ပတ်သက်ပြီးတော့လည်း ရာဖင်ဟာက "ကြည့်ပါ၊ အခုခေတ်မှာ ဘယ်သူကန်ကန် ဂိုးသမားတွေက အမြဲတမ်း အသင့်ပြင်ထားတတ်ကြပါတယ်။ ဒါပေမဲ့ ပွဲကစားနေတဲ့အချိန်မှာ အဲဒီညရဲ့ ယုံကြည်မှုက အဓိကပါပဲ။ လာမင်းယမယ်လ်က သူကန်ချင်တယ်လို့ ကျွန်တော့်ကို လာပြောပါတယ်။ သူ့ရဲ့ ယုံကြည်မှုကို မြင်လိုက်ရတဲ့အခါ ကျွန်တော် သူ့ကို ယုံကြည်ပေးလိုက်ပါတယ်။ အရာအားလုံး အဆင်ပြေသွားပြီး သူ ကန်တာလည်း တကယ်ကို ကောင်းမွန်ခဲ့ပါတယ်" လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။