ဆီဗီလာနဲ့ပွဲ သရေကျပြီးနောက် ရီးရဲလ်ဘက်တစ်ပရိသတ်တွေနဲ့ အခြေအတင်ဖြစ်ခဲ့တဲ့ အန်တိုနီ
ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ဆီဗီလာနဲ့ ဒါဘီပွဲစဉ်အပြီးမှာ အန်တိုနီဟာ ရီးရဲလ်ဘက်တစ်ပရိသတ်တွေနဲ့ စကားများ အခြေအတင် ဖြစ်ခဲ့ပါတယ်။
ဒီပွဲမှာ အန်တိုနီက အဖွင့်ဂိုး သွင်းယူပေးခဲ့ပေမဲ့ ပွဲအပြီးမှာတော့ ၂ ဂိုးစီ သရေနဲ့ ပြီးဆုံးခဲ့ပါတယ်။
ဒါပေမဲ့ ဆီဗီလာအသင်းဟာ သူတို့ရဲ့ သမိုင်းတစ်လျှောက် ဒါဘီပွဲစဉ်တွေမှာ ပထမဆုံးအကြိမ်အဖြစ် နှစ်ဂိုးအရှုံးကနေ ပြန်လာပြီး သရေတစ်မှတ် ခွဲယူနိုင်ခဲ့တာပါ။ ပွဲက တကယ်ကို တင်းမာမှုတွေ၊ အကြိတ်အနယ် ယှဉ်ပြိုင်မှုတွေနဲ့ စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့ပြီး ပွဲအပြီး ဝီစီမှုတ်ချိန်မှာတော့ စိတ်ခံစားချက်တွေ ပြင်းထန်နေတဲ့ အန်တိုနီနဲ့ ကူချိုဟာနန်ဒက်ဇ်တို့ဟာ အိမ်ကွင်းပရိသတ်တွေနဲ့ အကြီးအကျယ် စကားများခဲ့ကြပါတယ်။
ပရိသတ်တွေရှိတဲ့ ပွဲကြည့်စင်ဘက်ကို သွားခဲ့တဲ့ ဘရာဇီးလ်သား အန်တိုနီနဲ့ ဘက်တစ်ပရိသတ်တချို့ကြားမှာ ရုန်းရင်းဆန်ခတ်မှုတွေ ဖြစ်ပွားခဲ့တာပါ။ ဘက်တစ်ကစားသမားတွေက La Cartuja ကွင်းရဲ့ နေရာတစ်ခုမှာရှိတဲ့ ပရိသတ်တွေကို သွားရောက်နှုတ်ဆက်ခဲ့ကြပေမဲ့ ပရိသတ်အနည်းငယ်က အန်တိုနီရဲ့ ခြေစွမ်းအပေါ် ဝေဖန်ခဲ့ကြတာကြောင့် အန်တိုနီက ၎င်းတို့ကို ပြန်လည်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။
လုံခြုံရေးဝန်ထမ်းတွေ၊ ဘက်တစ်အသင်း တာဝန်ရှိသူတွေနဲ့အတူ ကူချိုဟာနန်ဒက်ဇ်က အန်တိုနီကို ဘေးကိုဆွဲထုတ်ဖို့ ကြိုးစားခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ကိုလံဘီယာသား ဟာနန်ဒက်ဇ်ကိုယ်တိုင်လည်း အဲဒီဘက်တစ်ပရိသတ်တွေနဲ့ပဲ ထပ်မံစကားများခဲ့ပါသေးတယ်။
အဲဒီနေရာမှာ ချင်မီအာဗီလာလည်း ရှိနေခဲ့ပြီး အိုက်တာရူဘယ်လ်ကတော့ အခြေအနေတွေကို ငြိမ်သက်သွားအောင် ထိန်းသိမ်းဖို့ ကြိုးစားခဲ့ပါတယ်။