The network connection is lost.

Banner Image

ပါရမီရှင်တောင်ပံကစားသမား ဂေါ့ဒ်ကို ခေါ်ယူဖို့ ယူနိုက်တက်က အေဂျက်နဲ့ ဆက်သွယ်မှုတွေ ပြုလုပ်နေ

ဘယ်လ်ဂျီယံ အပြောင်းအရွှေ့ကျွမ်းကျင်သူ Sacha Tavolieri ရဲ့ အင်္ဂါနေ့က တင်ပြချက်အရ ယူနိုက်တက်ဟာ ဘယ်လ်ဂျီယံ လူငယ်ကြယ်ပွင့် မီကာဂေါ့ဒ် ကို ခေါ်ယူနိုင်မယ့် အခြေအနေတွေကို စုံစမ်းဖို့အတွက် အေဂျက်အသင်းနဲ့ တရားဝင် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အသက် ၂၀ အရွယ် မီကာဂေါ့ဒ်ဟာ ဒီရာသီမှာ အေဂျက်အသင်းရဲ့ အားအကိုးရဆုံး လက်နက်တစ်ခု ဖြစ်နေပြီး နယ်သာလန် အီရီဒီဗိုက်စီလိဂ် ၂၅ ပွဲမှာ ၁၄ ဂိုးသွင်း၊ ၉ ဂိုး ဖန်တီးပေးထားနိုင်တာကြောင့် ဂိုးပါဝင်ပတ်သက်မှု အများဆုံး ကစားသမားအဖြစ် ထိပ်ဆုံးက ဦးဆောင်နေပါတယ်။ ၂၀၂၃ ခုနှစ်မှာ ဘယ်လ်ဂျီယံကလပ် ဂျန့်ခ်အသင်းကနေ ရောက်ရှိလာပြီး အသင်းကြီးအတွက် စတင်ကစားပေးခဲ့ချိန်ကစလို့ ပြိုင်ပွဲစုံ ၁၀၂ ပွဲမှာ ၂၂ ဂိုးသွင်း၊ ၁၈ ဂိုး ဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

Sacha Tavolieri ရဲ့ အဆိုအရ အင်္ဂလန်ထိပ်သီးကလပ် ယူနိုက်တက်ဟာ အသက် ၂၀ အရွယ် ဘယ်လ်ဂျီယံ လူငယ်လက်ရွေးစင် ကစားသမားလေးကို ခေါ်ယူနိုင်ဖို့အတွက် အေဂျက်အသင်းနဲ့ စတင် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီ ဖြစ်ပါတယ်။

အကယ်၍ ဒီအပြောင်းအရွှေ့သာ တကယ်ဖြစ်လာခဲ့ရင်တော့ ဒီပါရမီရှင် တောင်ပံကစားသမားလေးဟာ ဒိုနီဗန်ဒီဘိခ်၊ အန်ဒရီအိုနာနာနဲ့ ဒါလေဘလင်းတို့လိုပဲ အေဂျက်ကနေ ယူနိုက်တက်ဆီကို ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားတွေရဲ့ ခြေရာကို နင်းလာသူတစ်ဦး ဖြစ်လာမှာပါ။

ဂေါ့ဒ်ဟာ အေဂျက်အသင်းနဲ့ ၂၀၂၉ ခုနှစ် ဇွန်လအထိ စာချုပ်သက်တမ်း ရှိနေပါတယ်။ Flashscore ရဲ့ ဖော်ပြချက်အရ ဒီဘယ်လ်ဂျီယံ လူငယ်လေးရဲ့ ကာလပေါက်ဈေးဟာ ယူရို ၂၅.၂ သန်းလောက် ရှိတယ်လို့ သိရပါတယ်။