နီကိုလပ်စ်ဂျက်ဆန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ အက်စတွန်ဗီလာ
အက်စတွန်ဗီလာအသင်းက ချဲလ်ဆီးတိုက်စစ်မှူး နီကိုလပ်စ်ဂျက်ဆန်ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ်။
The Athletic ရဲ့ အဆိုအရ ဗီလာက ကနဦး ပြောင်းရွှေ့ကြေးအဖြစ် ပေါင် ၄၇.၅ သန်း ပေးချေရမှာဖြစ်ပြီး အပိုဆုကြေးတွေပါလာရင် စုစုပေါင်းပြောင်းရွှေ့ကြေးက ပေါင် ၆၅ သန်းအထိ ရှိလာနိုင်ပါတယ်။
အက်စတွန်ဗီလာက ကစားသမားနဲ့ ပုဂ္ဂိုလ်ရေးသဘောတူညီချက်ရဖို့လည်း အပြီးသတ် ဆောင်ရွက်လျက် ရှိပါတယ်။
အသက် ၂၅ နှစ်အရွယ် ဆီနီဂေါတိုက်စစ်မှူးက ဗီလာရီးရဲလ်ကစားသမားဘဝအတွင်း လက်တွဲခဲ့ဖူးတဲ့ ဆရာဟောင်း အူနိုင်းအမ်မရီနဲ့ ပြန်လည်တွေ့ဆုံရမှာ ဖြစ်ပါတယ်။
ဂျက်ဆန်က အပြောင်းအရွှေ့ ဈေးကွက်မပိတ်ခင် ချဲလ်ဆီးဘက်က ရောင်းထုတ်ဖို့ ကြိုးပမ်းနေတဲ့ ကစားသမားအများအပြားထဲက တစ်ဦးလည်း ဖြစ်ပါတယ်။
ဒီအပြောင်းအရွှေ့က ဒီနှစ်နွေရာသီအတွင်း ချဲလ်ဆီးနဲ့ အက်စတွန်ဗီလာ အကြား တတိယမြောက် အပြောင်းအရွှေ့ ဖြစ်လာဖို့ ရှိနေပါတယ်။
မော်ဂန်ရော်ဂျာစ်က ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၁၇ သန်းနဲ့ ချဲလ်ဆီးဆီ ပြောင်းရွှေ့ခဲ့သလို၊ ဂါနာချိုကလည်း ရာသီကုန်မှာ မဖြစ်မနေအပြီးသတ် ဝယ်ယူရမယ့် အငှားစာချုပ်နဲ့ ဗီလာဆီ ပြောင်းသွားခဲ့ပါတယ်။
ဂျက်ဆန်က ပြီးခဲ့တဲ့ရာသီအတွင်း ဘိုင်ယန်မြူးနစ်မှာ အငှားသွားရောက် ကစားခဲ့ပြီး ၈ ဂိုး သွင်းယူကာ ၂ ဂိုး ဖန်တီးပေးခဲ့ပါတယ်။