The network connection is lost.

Banner Image

ချဲလ်ဆီးမှာ ရုန်းကန်နေရတဲ့ ပယ်လ်မာက နီကိုလက်စ်ဂျက်ဆင်ကို လွမ်းနေပုံရတယ်လို့ မာလူဒါ ပြောကြား

ချဲလ်ဆီးကြယ်ပွင့်ဟောင်း ဖလောရန့်မာလူဒါက နီကိုလက်စ်ဂျက်ဆင် ထွက်ခွာသွားပြီးနောက်ပိုင်း ကိုးပယ်လ်မာဟာ ခြေစွမ်းပြဖို့ ရုန်းကန်နေရတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းက ဂျက်ဆင်ကို အပြီးသတ်ဝယ်ယူဖို့ ဆုံးဖြတ်ချက်မချခဲ့တာကြောင့် သူဟာ ဒီနွေရာသီမှာ ချဲလ်ဆီးဆီ ပြန်လာတော့မှာ ဖြစ်ပါတယ်။

ဂျက်ဆင်ဟာ ဂျာမန်ကလပ်အတွက် ပြိုင်ပွဲစုံ ၂၉ ပွဲမှာ ၁၀ ဂိုးသွင်း၊ ဂိုးဖန်တီးမှု ၄ ကြိမ် ပြုလုပ်နိုင်ခဲ့ပေမဲ့ ဘိုင်ယန်မြူးနစ်ဘက်ကတော့ သူ့ရဲ့ စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၆ သန်းကို ပေးချေဖို့ စိတ်မဝင်စားပါဘူး။

သူထွက်ခွာသွားပြီးကတည်းက ချဲလ်ဆီးဟာ နည်းပြနှစ်ဦးအထိ ပြောင်းလဲခဲ့ရပြီး လက်ရှိမှာတော့ အမြဲတမ်းနည်းပြမရှိသေးသလို ပရီးမီးယားလိဂ်အဆင့် ၈ နေရာမှာ ရောက်ရှိနေပါတယ်။

မာလုဒါက Snabbare နဲ့ အင်တာဗျူးမှာ ကိုးပါလ်မာနဲ့ အသင်းဖော်တွေဟာ နည်းပြဟောင်း အန်ဇိုမာရက်စကာလက်ထက် အောင်မြင်မှုတွေရအောင် အဓိကကူညီပေးခဲ့တဲ့ ဂျက်ဆင်ကို လွမ်းဆွတ်နေကြပုံရတယ်လို့ သုံးသပ်ခဲ့ပါတယ်။

"ချယ်လ်ဆီးမှာ ကိုးပါလ်မာက နီကိုလက်စ်ဂျက်ဆင်ကို လွမ်းနေတာ ဖြစ်နိုင်ပါတယ်။ ဂျော်အိုပီဒရိုနဲ့လည်း သူတို့ကြားမှာ ကောင်းမွန်တဲ့ ချိတ်ဆက်မှုရှိတာ သိသာပါတယ်၊ ပီဒရို စရောက်တုန်းကလည်း ဒါကို မြင်ခဲ့ရပါတယ်" လို့ မာလုဒါက ဆိုပါတယ်။

"ပယ်လ်မာအနေနဲ့ သူ့ရဲ့အရည်အချင်းကို အကောင်းဆုံးထုတ်ပြနိုင်ဖို့ဆိုရင် အမှတ် ၉ နေရာက ကစားသမားနဲ့ ကောင်းကောင်းချိတ်ဆက်မိဖို့ လိုတယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ သူက ပွဲကို ထိန်းကျောင်းနိုင်ရမယ်၊ ပြီးတော့ သူ့အတွက် ပစ်မှတ် (Target) ဖြစ်ပေးမယ့် ကစားသမားမျိုး ရှိမှသာ box ထဲကို အချိန်ကိုက် ပြေးဝင်နိုင်မှာပါ။ အခုဆိုရင် ပြိုင်ဘက်အသင်းတွေက သူ့ရဲ့ ခြိမ်းခြောက်နိုင်စွမ်းကို ဘယ်လိုထိန်းချုပ်ရမလဲဆိုတာ ဗျူဟာတွေ ချလာနိုင်ပြီဖြစ်လို့ ဒါဟာ ပါလ်မာအတွက် စိန်ခေါ်မှုတစ်ခု ဖြစ်နေပါတယ်။ အရာအားလုံးက အဲ့ဒီအပေါ်မှာ အများကြီး မူတည်နေတာပါ" လို့ ၎င်းက ဆက်ပြောပါတယ်။

"ဒါက သူကျော်ဖြတ်ရမယ့် နောက်ထပ်ခြေလှမ်းတစ်ခုပါ။ သူ ဒီပြဿနာကို ဖြေရှင်းနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကစားဟန်ကို နည်းနည်းပြောင်းလဲတာမျိုး၊ ဒါမှမဟုတ် ပြစ်ဒဏ်ဘောတွေကနေတဆင့် ဂိုးသွင်းတာ၊ ပွဲအပေါ် သက်ရောက်မှုရှိအောင် လုပ်တာမျိုးတွေနဲ့ ရှေ့တန်းမှာ ပိုပြီး လွတ်လွတ်လပ်လပ် ကစားနိုင်အောင် ကြိုးစားရမှာပါ" လို့ မာလုဒါက အကြံပြုခဲ့ပါတယ်။

ဂျက်ဆင်ဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၅ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးထားနိုင်ပြီး တိုက်စစ်ပိုင်း အားနည်းနေတဲ့ ချယ်လ်ဆီးအသင်းအတွက်တော့ သူ့ရဲ့ပြန်လာမှုက ကြိုဆိုရမယ့် သတင်းကောင်းတစ်ခု ဖြစ်လာနိုင်ပါတယ်။