ဘာစီလိုနာဂိုးသမားတာစတီဂန်ကို အငှားဖြင့်ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တဲ့ အေဂျက်စ်
ဘာစီလိုနာနဲ့ အေဂျက်စ်တို့အကြား နှုတ်အားဖြင့် သဘောတူညီမှုတစ်ခု ရရှိပြီးနောက် တာစတီဂန်က ဒတ်ချ်ကလပ်အသင်းဆီ တစ်ရာသီအငှားစာချုပ်ဖြင့် ပြောင်းရွှေ့ဖို့ အတော်လေးနီးစပ်လာပါတယ်။
AD သတင်းဌာနရဲ့ဖော်ပြချက်အရ ဘာစီလိုနာက အသင်းလစာအသုံးစရိတ်ဝန်ထုပ်ဝန်ပိုးကို လျှော့ချဖို့ ကြိုးစားနေပြီး ဂျာမနီလက်ရွေးစင်ဂိုးသမားရဲ့လစာအချိုးအစားအများစုကိုတော့ ဆက်လက်ပေးချေသွားမယ်လို့ သိရပါတယ်။
အသက် ၃၄ နှစ်အရွယ်ဂိုးသမားက ဒဏ်ရာပြဿနာတွေနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး နည်းပြဟန်စီဖလစ်ခ်ရဲ့အသင်းမှာလည်း ဂျိုအန်ဂါစီယာ၊ ဆက်ဇ်နီတို့ရဲ့နောက် တတိယမြောက်ဦးစားပေးဂိုးသမားအဖြစ် သတ်မှတ်ခံရကာ ပုံမှန်ပွဲထွက်ခွင့် ပျောက်ဆုံးနေခဲ့ပါတယ်။
၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းရှိနေတဲ့ တာစတီဂန်ကတော့ အခုလိုအပြောင်းအလဲမှတစ်ဆင့် သူ့ရဲ့ကစားသမားဘဝကို ပြန်လည်အသက်သွင်းဖို့နဲ့ ပုံမှန်ပွဲထွက်ခွင့်ပြန်ရဖို့ မျှော်လင့်နေပါတယ်။
ဘာစီလိုနာဘက်ကလည်း လစာပေးချေရမယ့်တာဝန်တွေကို လျှော့ချချင်နေလို့ ငွေရေးကြေးရေး အခြေအနေတွေအရ တာစတီဂန်ကို အငှားချဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ဘောလုံးရာသီနှစ်ခုမှာ ဒဏ်ရာပြဿနာကြောင့် ပွဲစဉ်အများအပြားလွဲချော်ခဲ့ရတဲ့ ဒီဝါရင့်ဂိုးသမားကြီးက ဘောလုံးရာသီသစ်စတင်ချိန် အက်စတာဒမ်မှာ ခရီးစဉ်သစ်စတင်ဖို့ အသင့်ဖြစ်နေပါပြီ။