ဖလော်ရီယန်ဝစ်ဇ်ကို စာနာနားလည်မိတယ်လို့ ဆိုလိုက်တဲ့ အန်းစလော့
လီဗာပူးနည်းပြအန်းစလော့က နွေရာသီမှာခေါ်ယူခဲ့တဲ့ ဖလော်ရီယန်ဝစ်ဇ် ဘာကြောင့် ရုန်းကန်ခဲ့ရသလဲဆိုတာ နားလည်မိပါတယ်လို့ ဖွင့်ဟခဲ့ပါတယ်။ ဖလော်ရီယန်ဝစ်ဇ်က သူ့ရဲ့ပရီးမီးယားလိဂ်သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုကို နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်နှစ်ခုကျမှသာ ပြုလုပ်နိုင်ခဲ့ပြီး သူ့အတွက် ပရီးမီးယားလိဂ်ချန်ပီယံတွေ ဘာကြောင့်ငွေကြေးကုန်ကျခံသလဲဆိုတာကို သက်သေပြသွားခဲ့ပါတယ်။ အသက်-၂၂ နှစ်ဂျာမန်ကြယ်ပွင့်ရဲ့လွှမ်းမိုးမှုက ပွဲစဉ်တစ်ခုပြီးတစ်ခု တိုးတက်လာတယ်လို့ ခံစားရပေမယ့် ကစားသမားအတွက်တော့ မလွယ်ကူခဲ့ပါဘူး။ သူက အခုဘောလုံးရာသီအစောပိုင်းမှာ ဂိုးပါဝင်ပတ်သက်မှုမရှိခဲ့တဲ့အချက်ကြောင့် လှောင်ပြောင်မှုတွေနဲ့ ဆက်တိုက်ကြုံတွေ့ခဲ့ပါတယ်။
အန်းစလော့ကတော့ လေဗာကူဆင်ကြယ်ပွင့်ဟောင်းအပေါ် စာနာနားလည်မိပြီး လူသားတစ်ဦးဖြစ်ခြင်းကြောင့် ပတ်ဝန်းကျင်သစ်မှာ လိုက်လျောညီထွေဖြစ်အောင် လုပ်ဆောင်နိုင်ရန် အချိန်လိုအပ်တယ်လို့ ရှင်းပြခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲတစ်ခုအတွင်း အန်းစလော့က “ ကျွန်တော်က လူကြီးပိုင်းဖြစ်လာတော့၊ အနည်းဆုံးတော့ ဖလော်ရီယန်ဝစ်ဇ်ထက် အသက်အများကြီးနေတော့ ကျွန်တော့်ရဲ့အတွေ့အကြုံတွေနဲ့ပဲ အဖြေရှာပေးနိုင်ခဲ့ပါတယ်။ ရေခြားမြေခြားပတ်ဝန်းကျင်သစ်တစ်ခုကို ပထမဆုံးအကြိမ် ရောက်ရှိလာခြင်း ဖြစ်ပါတယ်။ နိုင်ငံခြားရောက်လာတာလည်းဖြစ်တော့ ဘာမဆို ကွဲပြားခြားနားပါတယ်။
ဘဝက နည်းနည်းတော့ ဇောက်ထိုးမိုးမျှော်ဖြစ်သွားတာပေါ့။ ဒါပေမဲ့ နည်းပြတစ်ဦးဖြစ်တဲ့ ကျွန်တော်က ကွင်းတွင်းမှာစွမ်းဆောင်ရည်တွေ ပြသရတာမဟုတ်လို့ ဒါက အကြီးမားဆုံးပြဿနာတစ်ခု မဖြစ်လာခဲ့ပါဘူး။ ဒါပေမဲ့ အချို့သူတွေအတွက် ကွင်းပြင်ပမှာ လိုက်လျောညီထွေရှိစေဖို့ အချိန်အနည်းငယ်လိုအပ်မယ်ဆိုတာ ကျွန်တော် အပြည့်အဝနားလည်ပေးနိုင်ပါတယ်။ ပြည်ပမှရောက်ရှိလာသူတစ်ဦးအတွက်ဆိုရင် အကြီးမားဆုံးလိုက်လျောညီထွေရှိအောင် လုပ်ဆောင်ရမယ့် ကိစ္စက ဒီလိဂ်ပြိုင်ပွဲနဲ့ ပြိုင်ပွဲရဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံတို့ပဲ ဖြစ်ပါတယ်။
ဝုဗ်နဲ့ပွဲစဉ်မှာဆိုရင် ဖလော်ရီယန်ဝစ်ဇ်ကို ကစားပုံမကောင်းလို့ လူစားလဲလှယ်ခဲ့တာ မဟုတ်ပါဘူး။ သူ့မှာ ဆက်လက်ပြေးလွှားဖို့တောင် မလွယ်ကူတော့လို့ လူစားလဲလှယ်ခဲ့တာပါ။ ဒီအချက်က ကျွန်တော်တို့ခေါ်ယူခဲ့တဲ့ ကစားသမားသစ်တွေရဲ့အကြောင်း၊ ဒီပြိုင်ပွဲရဲ့ပြင်းထန်မှုနဲ့ချိန်ညှိဖို့ဆိုတာ ဘယ်လောက်ကြီးမားတဲ့ခြေလှမ်းတစ်ခုဖြစ်သလဲဆိုတဲ့အကြောင်းတွေကို ပြောပြပေးနေပါတယ်”လို့ ဆိုပါတယ်။ ဖလော်ရီယန်ဝစ်ဇ်က ဒီည၊ လိဒ်နဲ့ပွဲစဉ်မှာ အမှတ်ပေးဇယားတတိယနေရာဆီ ဖိအားပေးနိုင်ဖို့ မျှော်မှန်းနေတဲ့ လီဗာပူးအတွက် ပါဝင်ကစားပေးပါလိမ့်မယ်။