ချဲလ်ဆီးအသင်းရဲ့အပြောင်းအရွှေ့မူဝါဒ အပြောင်းအလဲလုပ်မယ့်ကိစ္စကို အသင်းပူးတွဲပိုင်ရှင် အတည်ပြု
ချဲလ်ဆီးအသင်းပူးတွဲပိုင်ရှင်ဘီဒတ်အက်ဂ်ဘာလီက လာမယ့်နွေရာသီမှာ အသင်းရဲ့ကစားသမားအပြောင်းအရွှေ့မူဝါဒကို အပြောင်းအလဲလုပ်ဖို့ စီစဉ်ထားတယ်လို့ ဝန်ခံပြောကြားလိုက်ပါတယ်။
အက်ဂ်ဘာလီရဲ့အဆိုအရ လူငယ်ကစားသမားတွေကိုပဲ အဓိကဦးစားပေးတဲ့ လုပ်ဆောင်ချက်တွေကို လျှော့ချသွားမယ်လို့ သိရပါတယ်။
"ကျွန်တော်တို့ရဲ့ရည်ရွယ်ချက်ကတော့ အသင်းမှာ တည်ငြိမ်မှုရှိစေဖို့အတွက် အတူတူလက်တွဲသွားနိုင်မယ့် ထိပ်တန်းကစားသမားတွေကို ခေါ်ယူစုစည်းဖို့ပါပဲ။ အမှန်အတိုင်းပြောရရင် အခုအချိန်မှာတော့ ဒီလုပ်ငန်းစဉ်ရဲ့ လမ်းတစ်ဝက်လောက်ပဲ ရောက်ရှိနေပါသေတးယ်" လို့ လော့စ်အိန်ဂျလိစ်မှာ ကျင်းပတဲ့ CAA ရဲ့ World Congress of Sports ကွန်ဖရင့်မှာ သူက ပြောကြားခဲ့ပါတယ်။
"ဒါပေမဲ့ နောက်ပိုင်းမှာတော့ ကမ္ဘာ့အကောင်းဆုံးကစားသမားတွေကို ခေါ်ယူစုဆောင်းတာ၊ အသင်းမှာ ဆက်ထိန်းထားတာနဲ့ စာချုပ်သက်တမ်းတိုးတာမျိုးတွေကို လုပ်ဆောင်သွားဖို့ ရှိပါတယ်။ တကယ်တော့ နှစ်စဉ်နှစ်တိုင်းမှာ ရေရှည်အောင်မြင်မှုတွေ ရရှိနိုင်ဖို့အတွက် ထိပ်တန်းအဆင့်ရှိတဲ့ ကစားသမား ၈ ဦးမှ ၁၅ ဦးလောက်အထိ လိုအပ်ပါတယ်" လို့ ဆိုပါတယ်။
"ကျွန်တော်တို့ လုပ်ဆောင်ခဲ့တာတွေထဲမှာ မှန်ကန်တာတွေ အများကြီးရှိသလို၊ တချို့အရာတွေမှာတော့ အခုထက်ပိုပြီး ကောင်းမွန်အောင် လုပ်ဖို့လိုပါသေးတယ်။ ဒီပရောဂျက်ကို နောက်တစ်ဆင့်တက်လှမ်းနိုင်ဖို့နဲ့ ရေရှည်မှာ ခြေစွမ်း တည်ငြိမ်မှုရှိစေဖို့အတွက် အတွေ့အကြုံရှိပြီး အဆင်သင့်ဖြစ်နေတဲ့ ကစားသမားတွေကို ဒီထက်ပိုပြီး ဖြည့်တင်းသွားရပါမယ်" လို့လည်း အက်ဂ်ဘာလီက ရှင်းပြခဲ့ပါတယ်။
ဒါ့အပြင် သူက "လွန်ခဲ့တဲ့ ခြောက်လလောက်ကတော့ အားလုံးက အရမ်းကို ပျော်ရွှင်ခဲ့ကြပါတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းမှာတော့ ရလဒ်တွေက တက်လိုက်ကျလိုက်ဖြစ်နေပြီး စိတ်ပျက်စရာတွေလည်း ရှိခဲ့ပါတယ်။ ဒါကြောင့် ဘာတွေပိုကောင်းအောင် လုပ်နိုင်မလဲ၊ ဘာတွေတိုးတက်အောင် လုပ်ရမလဲဆိုတာကို အပြည့်အဝ ပြန်လည်သုံးသပ်နေပါတယ်။ ကျွန်တော်တို့မှာ အစီအစဉ်ရှိပါတယ်၊ အဲ့ဒီအစီအစဉ်ကို အမြဲပြန်သုံးသပ်တယ်၊ ပိုကောင်းအောင်လုပ်တယ်၊ အဆင်မပြေတာရှိရင်လည်း လိုအပ်သလို ပြင်ဆင်သွားပါမယ်။ ကျွန်တော်တို့ဘက်ကတော့ အသင်းအတွက် အပြည့်အဝအာရုံစိုက်လုပ်ဆောင်နေပါတယ်လို့ ပြောချင်ပါတယ်" လို့ ထပ်လောင်း ပြောကြားခဲ့ပါတယ်။