ကိုမိုအသင်းမှာပဲဆက်ရှိနေမယ့် သူ့ရဲ့အစီအစဉ်တွေကို ရှင်းရှင်းလင်းလင်းပြောပြလာတဲ့ ဖာဘရီဂတ်စ်
ကိုမိုနည်းပြဖာဘရီဂတ်စ်က လာမယ့်ရာသီမှာလည်း အသင်းနဲ့အတူ ဆက်ရှိသွားမယ်လို့ ကတိပြုလိုက်ပါတယ်။
အင်္ဂလန်ကလပ်တွေဖြစ်တဲ့ ချဲလ်ဆီးနဲ့ မန်စီးတီးတို့နဲ့ အပြောင်းအရွှေ့သတင်းထွက်ပေါ်နေချိန် ဖာဘရီဂတ်စ်က "ဒီအသင်းရဲ့စီမံကိန်းအပေါ်မှာပဲ အပြည့်အဝ အာရုံစိုက်ထားပါတယ်" လို့ ပြောကြားခဲ့ပါတယ်။
"အနာဂတ်မှာ ဘာဖြစ်လာမလဲဆိုတာ မပြောနိုင်ပေမဲ့ အခုလောလောဆယ်မှာတော့ ကျွန်တော် ကိုမိုမှထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်သလောက်ပါပဲ။ ပြီးခဲ့တဲ့နှစ်မှာ တခြားကလပ်အသင်းတွေ ဘယ်လိုပုံစံနဲ့ လည်ပတ်နေသလဲဆိုတာကို လေ့လာချင်ခဲ့တာကြောင့် ဒီအကြောင်းကို အသင်းဥက္ကဋ္ဌ (မီဝမ်ဆူဝါဆို) ဆီ ပြောပြခဲ့ပါသေးတယ်။ ဒါပေမဲ့ နောက်ဆုံးမှာတော့ ဒီမှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်"
"အသင်းနဲ့အတူ ကျွန်တော်တို့ ရရှိနိုင်မယ့် အောင်မြင်မှုတွေအပေါ်မှာလည်း တကယ်ကို ပျော်ရွှင်မိပါတယ်။ ဒါဟာ အရေးကြီးတဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်သလို ဒီမှာရှိနေရတာကိုလည်း ကျွန်တော် သဘောကျပါတယ်"
"ကျွန်တော့်မိသားစု ပျော်ရွှင်ဖို့ကလည်း အရေးကြီးပါတယ်။ သူတို့သာ ကိုမိုမှာ ပျော်နေမယ်ဆိုရင် ကျွန်တော်လည်း ဒီမှာပဲ ဆက်ရှိနေပါလိမ့်မယ်" လို့ ဖာဘရီဂတ်စ်က ဆိုပါတယ်။