
အဓိကကစားသမားကို စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ယုံကြည်မှုအပြည့်အဝရှိနေတဲ့ ရီးရဲလ်မက်ဒရစ်
ရီးရဲလ်မက်ဒရစ်က ဗင်နီးစီးယက်စ်အတွက် စာချုပ်သက်တမ်းတိုးမြှင့်ဖို့ ကြိုးစားခဲ့ဖူးပေမဲ့ နှစ်ဖက်ဆွေးနွေးမှုတွေမှာတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ ဘရာဇီးသားရဲ့စာချုပ်သက်တမ်းက ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးဖို့ရှိနေပြီး ရီးရဲလ်မက်ဒရစ်ကလည်း သူတို့အတွက် အရေးကြီးတယ်လို့ယူဆထားတဲ့ ကစားသမားတစ်ဦးကို အသင်းမှာဆက်ရှိနေစေဖို့ ညှိနှိုင်းလိုနေပါတယ်။
ဗင်နီးစီးယက်စ်က အခုရာသီ၊ လာလီဂါရှစ်ပွဲကစားရာမှာ ငါးဂိုးသွင်း၊ လေးကြိမ်ဂိုးဖန်တီးပေးကာ ဘာစီလိုနာထံမှ လိဂ်ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရေးတိုက်ပွဲအတွက် အဓိကကစားသမားတစ်ဦး ဖြစ်လာခဲ့ပါတယ်။ Defensa Central ရဲ့အဆိုအရ ရီးရဲလ်မက်ဒရစ်ဟာ ဗင်နီးစီးယက်စ်ရဲ့မက်ဒရစ်မှာဆက်ရှိနေလိုတဲ့ ဆန္ဒနဲ့အတူ တိုက်စစ်မှူးကို စာချုပ်သက်တမ်းတိုးမြှင့်နိုင်ရေး သဘောတူညီမှုတစ်ခုရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။
ကလပ်အသင်းဘက်က စာချုပ်သက်တမ်းတိုးမြှင့်မှုကို ၂၀၂၅ ခုနှစ်အတွင်းမှာပင် ဖြစ်ပေါ်လာလိမ့်မယ်လို့ ယုံကြည်နေပြီး နှစ်ဖက်ကိုယ်စားလှယ်တွေကိုယ်တိုင်လည်း စာချုပ်သက်တမ်းတိုးမြှင့်မှုအကောင်အထည်ဖော်ဖို့ လိုလားနေကြပါတယ်။ အစောပိုင်းမှာ ရီးရဲလ်မက်ဒရစ်က ဟာလန်းအတွက် လှုပ်ရှားမှုတစ်ခုပြုလုပ်လိမ့်မယ်လို့ ကောလာဟလအချို့ ထွက်ပေါ်ခဲ့ပေမဲ့ ဗင်နီးစီးယက်စ်သာ ဆက်ရှိနေမယ်ဆိုရင် ဟာလန်းအတွက် လှုပ်ရှားမှု ဆိုတာ ဖြစ်မလာနိုင်ပါဘူး။
ဒီသတင်းဌာနကပဲ ဘရာဇီးသားနဲ့ဆွေးနွေးမှုတွေကို အရှိန်အဟုန်မြှင့်တင်သွားဖို့ ရီးရဲလ်မက်ဒရစ်အကြီးအကဲပီရက်ဇ်ကိုယ်တိုင် ဆန္ဒရှိနေတယ်လို့ ဖော်ပြသွားပါတယ်။ သတင်းတွေအရ ဗင်နီးစီးယက်စ်အတွက် ယူရိုသန်း ၂၅၀ အထိ ရီးရဲလ်မက်ဒရစ်တို့ ဈေးသတ်မှတ်ထားပြီး ရည်မှန်းချက်ကြီးမားတဲ့ဆော်ဒီပရိုလိဂ်ကလပ်အသင်းတစ်ခုက ဘရာဇီးသားအတွက် ငွေကြေးပမာဏအများအပြားသုံးစွဲသွားဖို့ ဆန္ဒရှိနေလိမ့်မယ်လို့ သိရပါတယ်။ အခုလိုဈေးသတ်မှတ်ထားပေမဲ့ ရီးရဲလ်မက်ဒရစ်ထိပ်ပိုင်းရပ်ကွက်မှာတော့ ဗင်နီးစီးယက်စ်နဲ့ သဘောတူညီမှုတစ်ခုရရှိနိုင်မယ်လို့ ယုံကြည်နေပါတယ်။