ရီးရဲလ်မက်ဒရစ်ရဲ့ဒုတိယမြောက်ချေပဂိုးအတွက် ဒိုင်လူကြီးတွေကို ဒေါသအိုးပေါက်ကွဲခဲ့တဲ့ အယ်လ်ချီနည်းပြ
ရီးရဲလ်မက်ဒရစ်နဲ့ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီးတွေအပေါ် အယ်လ်ချီနည်းပြဆာရာဘီယာက ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့ပါတယ်။ အဆိုပါပွဲစဉ်မှာ တစ်ဖက်နှစ်ဂိုးစီသရေရလဒ်နဲ့အတူ ပြီးဆုံးခဲ့ပါတယ်။ အခုပွဲစဉ်အတွင်း အိမ်ရှင်အသင်းက ပွဲချိန် ၅၃ မိနစ်နဲ့ ပွဲချိန် ၈၄ မိနစ်တို့မှာ ဦးဆောင်ဂိုးတွေ ရရှိခဲ့ပေမယ့် ရီးရဲလ်မက်ဒရစ်ကလည်း ဒီဦးဆောင်မှုနှစ်ကြိမ်လုံးကို ပြန်လည်ချေပနိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ ဒုတိယမြောက်ချေပဂိုးမတိုင်ခင် ဗင်နီးစီးယက်စ်နဲ့ အယ်လ်ချီဂိုးသမားအီနာကီပီနာတို့အကြား အငြင်းပွားဖွယ်ဖြစ်ရပ်တစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။ ဒီဖြစ်ရပ်မှာ ဘရာဇီးတိုက်စစ်မှူးက ပီနာရဲ့မျက်နှာကို ဒူးဖြင့် ရိုက်နှက်မိခဲ့ပေမယ့် ကွင်းလယ်ဒိုင်ကတော့ ပြစ်ဒဏ်ဘောအဖြစ် မသတ်မှတ်ပေးခဲ့ပါဘူး။
ပွဲပြီးအင်တာဗျူးအစီအစဉ်မှာ ဆာရာဘီယာက “ ဒီသရေရလဒ်ကို လုံးဝမကျေနပ်ပါဘူး။ ဗင်နီးစီးယက်စ်က ပီနာနဲ့ရင်ဆိုင်ရချိန် ကြမ်းကြမ်းတမ်းတမ်းကစားခဲ့တယ်ဆိုတာ ထင်ရှားလွန်းပါတယ်။ ဗင်နီးစီးယက်စ်က ပီနာရဲ့မျက်နှာကို ရိုက်လိုက်မိပြီး ပီနာရဲ့နှာခေါင်းမှာ အမှတ်အသားတစ်ခု ကျန်ခဲ့တယ်ဆိုတာ ခင်ဗျားတို့လည်း မြင်တွေ့နိုင်ပါတယ်။ ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်က အခုပွဲစဉ်ရလဒ်ကို သိသိသာသာလွှမ်းမိုးခဲ့လို့ အလွန်ဒေါသထွက်မိပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်မှာ အယ်လ်ချီဂိုးသမားပီနာက ပေးဂိုးနှစ်ဂိုးအထိ ရှိခဲ့ပေမယ့် ပွဲစဉ်အလိုက်အကောင်းဆုံးကစားသမားဆုကို ရရှိခဲ့ပါတယ်။