ဂျီရိုနာကို ၁-၁ နဲ့သရေကျပြီးနောက် အသင်းရဲ့စွမ်းဆောင်ရည်က လုံလောက်မှုမရှိခဲ့ဘူးလို့ အလွန်ဆိုဝန်ခံ
တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဂျီရိုနာကို ၁-၁ နဲ့သရေကျခဲ့ပြီးနောက် ရီးရဲလ်မက်ဒရစ်နည်းပြ ဇာဘီအလွန်ဆိုက အသင်းရဲ့စွမ်းဆောင်ရည်ဟာ လုံလောက်မှုမရှိခဲ့ကြောင်း ဝန်ခံပြောကြားလာခဲ့ပါတယ်။ ယခုပွဲမှာသရေကျခဲ့တာကြောင့် ရီးရဲလ်မက်ဒရစ်ဟာ လာလီဂါမှာ ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးခဲ့ပြီး အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကနေလည်း ဖယ်ရှားပေးခဲ့ရပါတယ်။ ယခုပွဲစဉ်မှာ ဂျီရိုနာက ဦးဆောင်ဂိုးစတင်သွင်းယူခဲ့တာဖြစ်ပြီး ရီးရဲလ်အတွက်ချေပဂိုးကို ပင်နယ်တီရမှသာ အမ်ဘာပေက ပြန်လည်သွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။
ပွဲအပြီးမှာ အလွန်ဆိုက "ဒီပွဲရဲ့ဒုတိယပိုင်းမှာ ကျွန်တော်တို့ဘက်က တိုးတက်မှုတွေရှိခဲ့ပါတယ်။ ပြိုင်ဘက်ကို ပိုဖိအားပေးနိုင်ခဲ့ပြီး အခွင့်အရေးတွေလည်း ပိုဖန်တီးနိုင်ခဲ့ပါတယ်။ အနိုင်ရဖို့ အခွင့်အရေးတွေလုံလောက်အောင်ဖန်တီးနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းမတိကျခဲ့တာတွေကြောင့် သရေရလဒ်နဲ့ပဲကျေနပ်ခဲ့ရတာပါ။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ ရှေ့ဆက်သွားရပါမယ်။ ရာသီကုန်ဖို့က အဝေးကြီးလိုသေးလို့ ကျွန်တော်တို့ စိတ်ဓာတ်မကျဘဲ ဆက်လက်တိုက်ပွဲဝင်သွားပါမယ်" လို့ပြောကြားခဲ့ပါတယ်။
လာမယ့်ကြာသပတေးနေ့မှာတော့ ရီးရဲလ်ဟာ နောက်ထပ်လာလီဂါပွဲစဉ်အဖြစ် ဘီလ်ဘာအိုကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး အဆိုပါပွဲစဉ်မှာ အသင်းအနေနဲ့ အမှားတွေပြန်လည်ပြင်ဆင်သွားမယ်လို့ အလွန်ဆိုက ပြောကြားခဲ့ပါတယ်။ စပိန်သားနည်းပြက "ရာသီတစ်ခုမှာ ဖြတ်ကျော်ရတာတွေအများကြီးရှိပါတယ်။ အခုရာသီအစပိုင်းမှာဆိုရင် အသင်းကတည်ငြိမ်တဲ့ပုံစံရှိခဲ့ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာတော့ လိုအပ်ချက်တွေရှိလာခဲ့ပါတယ်။ ဒီပွဲမှာ ချေပဂိုးပြန်ရခဲ့ပေမယ့် လိုအပ်ချက်တွေကြောင့် အနိုင်ရဖို့မစွမ်းဆောင်နိုင်ခဲ့ပါဘူး။ ဒုတိယဂိုးထပ်ရဖို့အတွက် ပြိုင်ဘက်ဂိုးဧရိယာထဲမှာ အရမ်းကောင်းတဲ့အခွင့်အရေး ၃-၄ ကြိမ်လောက်ရခဲ့ပါတယ်"
"အနိုင်ရခဲ့သင့်ပေမယ့် လုံလောက်တဲ့စွမ်းဆောင်ရည်မရှိခဲ့ပါဘူး။ ဒါပေမယ့် တစ်သင်းလုံစည်းစည်းလုံးလုံးရှိနေပြီး ကိုယ့်အမှားတွေကို ကိုယ်တိုင်သုံးသပ်ရပါမယ်။ အဝေးကွင်းမှာအနိုင်ရဖို့ ကျွန်တော်တို့ကြိုးစားသွားပါမယ်။ ဒီနှစ်မှာ ကျွန်တော်တို့အဝေးကွင်းပွဲစဉ်တွေအများကြီးကစားရဖို့ရှိပါတယ်၊။ ဘီလ်ဘာအိုနဲ့ပွဲမှာ ကျွန်တော်တို့ပြန်လာနိုင်ဖို့အခွင့်အရေးရှိနေပါတယ်။ ဘာတွေဖြစ်လာမလဲစောင့်ကြည့်ရအောင်ပါ" လို့ပြောကြားခဲ့ပါတယ်။