ကြံ့ခိုင်မှုမပြည့်ဝပါက နေမာကိုသာမက ဗင်နီစီးယက်စ်ကိုပါ ဘရာဇီးမှာရွေးချယ်မှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောကြားလိုက်တဲ့ အန်ဆယ်လော့တီ
ဘရာဇီးလက်ရွေးစင်နည်းပြ ကာလိုအန်ဆယ်လော့တီက ကြံ့ခိုင်မှုပြည့်ဝမှုမရှိပါက နေမာကိုသာမက ဗင်နီစီးယက်စ်ကိုပါ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းအတွက်ရွေးချယ်မှာမဟုတ်ဘူးလို့ ပြတ်ပြတ်သားသားပြောကြားလာခဲ့ပါတယ်။
ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆန်းတို့စ်ကြယ်ပွင့် နေမာကို လက်ရွေးစင်အသင်းဆီပြန်ခေါ်ဖို့ရှိမရှိမေးမြန်းခဲ့ရာ အန်ဆယ်လော့တီက "သူ့အနေနဲ့ ၁၀၀ ရာခိုင်နှုန်းကြံ့ခိုင်မှုပြည့်ဝနေဖို့လိုပါတယ်။ ဘရာဇီးမှာ ကစားသမားကောင်းတွေအများကြီးရှိပါတယ်။ ဒါကြောင့် ကျွန်တော့်အနေနဲ့ ၁၀၀ ရာခိုင်နှုန်းကြံ့ခိုင်မှုပြည့်ဝတဲ့လူတွေကို ရွေးချယ်ရပါမယ်။ နေမာပဲမဟုတ်ပါဘူး။ ဗင်နီစီးယက်စ်လိုကစားသမားမှာလည်း ကြံ့ခိုင်မှု ၉၀ ရာခိုင်နှုန်းပဲရှိရင် ရွေးချယ်မှာမဟုတ်ပါဘူး။ သူ့နေရာမှာ အခြားကြံ့ခိုင်မှုပြည့်တဲ့သူကိုပဲ ခေါ်သွားမှာပါ။ ဘာကြောင့်လဲဆိုတော့ ဘရာဇီးက နေရာအတွက်ပြိုင်ဆိုင်မှုပြင်းထန်ပြီး အထူးသဖြင့် တိုက်စစ်ပိုင်းက ပိုပြင်းထန်လို့ပါ။ တိုက်စစ်မှာ အရမ်းကောင်းတဲ့ကစားသမားတွေအများကြီးရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
အန်ဆယ်လော့တီဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဘရာဇီးအသင်းကို စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အခုချိန်အထိတော့ နေမာကို အသင်းရဲ့လူစာရင်းအတွက် တစ်ကြိမ်မှရွေးချယ်ထားခြင်းမရှိသေးပါဘူး။ ဒါကြောင့် ဘာစီလိုနာကစားသမားဟောင်းဟာ အန်ဆယ်လော့တီလက်ထက် ဘရာဇီးအသင်းရဲ့ပွဲစဉ် ၈ ပွဲစလုံးကို လွဲချော်ထားခဲ့ပါတယ်။
ဆက်လက်ပြီး အီတလီသားနည်းပြက "နေမာမှာ အရမ်းကောင်းတဲ့ပါရမီရှိပါတယ်။ ကျွန်တော်တို့ လူရွေးတဲ့အချိန်မှာ သူဒဏ်ရာရနေတာက ကံဆိုးပါတယ်။ ဒဏ်ရာတွေကြောင့် သူ့ကိုယ်သူကြံ့ခိုင်မှုပြည့်ဝအောင် မထိန်းသိမ်းနိုင်ခဲ့ပါဘူး။ နေမာက အခြားကစားသမားတွေထက်ပိုပြီးတော့ ပါရမီရှိတဲ့သူပါ။ ဒါပေမယ့်သူ ကြံ့ခိုင်မှုပြည့်ဝဖို့တော့လိုပါလိမ့်မယ်" လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။