ဗင်နီစီးယက်စ်ရဲ့ အကောင်းဆုံးပုံစံ ပြန်ရရှိလာမယ်လို့ ယုံကြည်နေတဲ့ မော်ရင်ဟို
အင်္ဂါနေ့၊ ပီအက်စ်ဗွီနဲ့ရင်ဆိုင်ရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ရီးရဲလ်မက်ဒရစ်နည်းပြမော်ရင်ဟိုက ဗင်နီစီးယက်စ်ရဲ့အကောင်းဆုံးပုံစံ ပြန်လည်ရောက်ရှိလာလိမ့်မယ်လို့ ထောက်ခံပြောဆိုလိုက်ပါတယ်။
ဘရာဇီးတောင်ပံကစားသမားက ခြေစွမ်းပိုင်းမတည်ငြိမ်တဲ့ကာလတစ်ခုကို ဖြတ်သန်းနေရပေမဲ့ သူ့ရဲ့ပါရမီအရည်အသွေးကြောင့် အမြင့်မားဆုံးအဆင့်အတန်းတစ်ခုဆီ ပြန်လည်ရောက်ရှိစေဖို့ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပေါ်တူဂီနည်းပြ ယုံကြည်နေပါတယ်။
မော်ရင်ဟိုက "သူ့ဆီမှာရှိတဲ့ အလားအလာဆီ အပြည့်အ၀ ပြန်ရောက်လာပါလိမ့်မယ်။ ဗင်နီစီးယက်စ်က ငယ်ရွယ်ပါသေးတယ်။ တခါတလေ ကစားသမားတွေက အသက် ၃၀ နှစ်နား ရောက်လာချိန် သို့မဟုတ် ကျော်လွန်သွားချိန်မှာ အကောင်းဆုံးကြံ့ခိုင်မှုအခြေအနေကို ထိန်းသိမ်းဖို့ ရုန်းကန်ရတတ်သလို တချို့လည်း စိတ်အားထက်သန်မှုအနည်းငယ် လျော့နည်းသွားတတ်ကြပါတယ်"
"ဗင်နီစီးယက်စ် ငယ်ပါသေးတယ်။ သူက အရမ်းငယ်ရွယ်တဲ့ အချိန်မှာ ရောက်လာခဲ့ပြီး အလွန်မြင့်မားတဲ့ အဆင့်အတန်းတစ်ခုဆီ စောစောစီးစီး ရောက်ရှိခဲ့တယ်ဆိုတာကို လူတွေ မေ့လျော့နေနိုင်ပါတယ်"
"သူက အရာအားလုံးကို ဆွတ်ခူးပြီးပါပြီ။ ဒါပေမဲ့ လူတွေက သူ့အပေါ် တိုက်ခိုက်လာချိန်မှာတောင် သူက တကယ်ကို လိမ္မာတဲ့ ကောင်လေးတစ်ဦးဖြစ်သလို လူတိုင်းအပေါ် စာနာနားလည်တတ်သူ ဖြစ်တယ်လို့ အမြဲ ပြောခဲ့ပါတယ်။ အဲဒါက အခြေခံကျတဲ့ အုတ်မြစ်တစ်ခုပါပဲ" လို့ ပြောပါတယ်။
မကြာသေးမီက ဗင်နီစီးယက်စ်ရဲ့ပွဲပယ်ပြစ်ဒဏ်ကြောင့် ကစားသမားရဲ့ ကစားဟန် အရှိန်အဝါနဲ့ ယုံကြည်မှုအပေါ် သက်ရောက်မှု ရှိခဲ့တယ်လို့လည်း မော်ရင်ဟိုက ပြောဆိုခဲ့ပါတယ်။
ဆက်လက်ပြီး မော်ရင်ဟိုက "ဟိုတစ်နေ့က သူ အရမ်းကောင်းတဲ့ အကျိုးသက်ရောက်မှု ဖန်တီးပေးနိုင်ခဲ့သလို ဗီလာရီးရဲလ်နဲ့ပွဲစဉ်မှာလည်း သူက ပွဲစဉ်ရဲ့အလှည့်အပြောင်းကို ဖန်တီးပေးခဲ့တယ်ဆိုတာ ကျွန်တော် မှတ်မိနေပါသေးတယ်။ ဒါပေမဲ့ အနီကတ်ပြသခံရမှုကြောင့် လေးပွဲပယ်ပြစ်ဒဏ်ရင်ဆိုင်ခဲ့ရလို့ သူ့ရဲ့တိုးတက်မှုနဲ့ ယုံကြည်မှုပိုင်းအပေါ် အနှောင့်အယှက် ဖြစ်စေခဲ့ပါတယ် " လို့ ဆိုပါတယ်။