The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ် ဘုတ်အဖွဲ့ဝင်ဒါရိုက်တာအဖြစ် တာဝန်ပေးအပ်ခံရတဲ့ ရာဖေးနာဒယ်လ်

ကမ္ဘာကျော်တင်းနစ်စူပါစတားဟောင်း ရာဖေးလ်နာဒယ်လ်က ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အထွေထွေညီလာခံမှာ ဒါရိုက်တာဘုတ်အဖွဲ့ဝင်အဖြစ် တာဝန်ပေးအပ်ခံခဲ့ရပါတယ်။

ဂရန်းစလင်းချန်ပီယံဆု ၂၂ ကြိမ်ရှင် နာဒယ်လ်က ၂၀၁၁ ခုနှစ်နောက်ပိုင်း ကလပ်အသင်းရဲ့ ဂုဏ်ထူးဆောင်အဖွဲ့ဝင်တစ်ဦး ဖြစ်ခဲ့သလို မက်ဒရစ်ဥက္ကဋ္ဌပီရက်ဇ်နဲ့လည်း ရင်းနှီးခိုင်မာတဲ့ ဆက်ဆံရေးရှိသူ ဖြစ်ပါတယ်။

နာဒယ်လ်က "ဥက္ကဋ္ဌကို ကျေးဇူးတင်ပါတယ်။ ကျွန်တော့်ကို ဂုဏ်ထူးဆောင်အသင်းဝင်အဖြစ် သတ်မှတ်ပေးခဲ့တုန်းက အရမ်း ထူးခြားခဲ့သလို ဒီနေ့မှာတော့ နောက်ထပ် ခြေတစ်လှမ်း ရှေ့တိုးလိုက်တာပါပဲ"

"ကျွန်တော့်အတွက်တော့ ဒါက ကြီးမားတဲ့ တာဝန်ယူမှုတစ်ခုပါပဲ။ ရီးရဲလ်မက်ဒရစ်ဆိုတာ မိဘတွေဆီမှ သားသမီးတွေဆီ လက်ဆင့်ကမ်း အမွေပေးခဲ့ကြတဲ့အရာ ဖြစ်သလို လူတွေကို စုစည်းပေးနိုင်တဲ့ အရာလည်း ဖြစ်ပါတယ်။ အခုလိုအခွင့်အရေးရရှိတယ်ဆိုတာ အလွန်ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုလိုပါပဲ" လို့ ပြောပါတယ်။

ဒါ့အပြင် ဥက္ကဋ္ဌပီရက်ဇ်ကလည်း နာဒယ်လ် ပါဝင်လာမှုကို အနာဂတ်ကာလရှည်အောင်မြင်မှုတွေ ကလပ်အသင်း ဆက်လက်ရရှိစေဖို့ အထောက်အကူဖြစ်စေလိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

ပီရက်ဇ်က "သူ ရောက်ရှိလာတယ်ဆိုတာ ထူးခြားထင်ရှားတဲ့ ပုဂ္ဂိုလ်တစ်ဦးကို ခေါ်ယူတာထက် ပိုပါတယ်။ အကြီးကျယ်ဆုံးဂန္ထဝင်တွေအနက် တစ်ဦးက ကျွန်တော်တို့ရဲ့အနာဂတ်ကို ကျွန်တော်တို့နဲ့အတူ မျှဝေလျှောက်လှမ်းချင်တယ်ဆိုတဲ့ အဓိပ္ပာယ်ပါပဲ"

"သူရှိနေခြင်းကြောင့် လာမယ့်မျိုးဆက်သစ်တွေအတွက် ကျွန်တော်တို့လိုလားတဲ့ ရီးရဲလ်မက်ဒရစ်ကို ဆက်လက်တည်ဆောက်ရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်ဆိုတာ ကျွန်တော် အပြည့်အဝ ယုံကြည်ပါတယ်" လို့ ပြောပါတယ်။

တောက်ပတဲ့ ကစားသမားဘဝကို ပိုင်ဆိုင်ခဲ့တဲ့ အသက် ၄၀ နှစ်အရွယ် နာဒယ်လ်က ပြင်သစ်အိုးပင်းတစ်ဦးချင်းချန်ပီယံဆုကို ၁၄ ကြိမ်အထိ စံချိန်တင် ဆွတ်ခူးခဲ့ပါတယ်။

၂၀၂၃ ခုနှစ်အတွင်း နာဒယ်လ်က တစ်နေ့မှာ မက်ဒရစ်ဥက္ကဋ္ဌ ဖြစ်ချင်တယ်လို့ ပြောဆိုခဲ့ဖူးပေမဲ့ ဒီရာထူးအတွက် သူ အရည်အချင်းပြည့်မီသလားဆိုတာတော့ မသိသေးဘူးလို့ ဖွင့်ဟခဲ့ဖူးပါတယ်။

ဒီနှစ် ကလပ်အသင်းရဲ့ရွေးကောက်ပွဲ မတိုင်မီ ဥက္ကဋ္ဌလောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မယ်ဆိုတဲ့ သတင်းတွေနဲ့ နာဒယ်လ်က ခပ်ခွာခွာ နေခဲ့ပါတယ်။ ဇွန်လမှာ ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲမှာတော့ ပီရက်ဇ်က ရီကွယ်လ်မီးကို အနိုင်ယူကာ ဥက္ကဋ္ဌရာထူးကို ဆက်လက်ရယူခဲ့ပါတယ်။