
ပွဲစဉ်ဇယားတွေကြောင့် အသင်းတွေအနေနဲ့ ကစားသမား ၄၀ ဦးလောက်အထိ လိုအပ်နိုင်တယ်လို့ ဂွါဒီယိုလာ အခိုင်အမာဆို
မန်စီးတီးနည်းပြ ဂွါဒီယိုလာက တိုးမြှင့်လာတဲ့ပွဲစဉ်ဇယားအနေအထားကြောင့် အသင်းတွေအနေနဲ့ ကစားသမား ၄၀ ဦးလောက်အထိ လိုအပ်နိုင်တယ်လို့ အခိုင်အမာပြောကြားလိုက်ပါတယ်။
များပြားလာတဲ့ပွဲစဉ်ဇယားကြောင့် အသင်းတွေအနေနဲ့ ကစားသမားအင်အားတိုးမြှင့်ရဖို့များနေတာဖြစ်ပါတယ်။ မန်စီးတီးဟာ ပြီးခဲ့တဲ့ရာသီတုန်းက မတူညီတဲ့ပြိုင်ပွဲ ၇ ခုမှာ ၅၉ ပွဲအထိ ကစားခဲ့ရတာဖြစ်ပါတယ်။ ဒီရာသီမှာလည်း စီးတီးဟာ ၃၈ ပွဲအထိ ကစားထားပြီး ၁၉ ပွဲကစားဖို့ ကျန်နေသေးသလို တကယ်လို့ အက်ဖ်အေဖလားဖိုင်နယ် ၊ ချန်ပီယံလိဂ် နဲ့ ကလပ်ကမ္ဘာ့ဖလားတွေပါ ပေါင်းထည့်လိုက်မယ်ဆိုရင် နောက်ထပ် ၁၄ ပွဲလောက်ပိုလာနိုင်တာဖြစ်ပါတယ်။
အဆိုပါပြိုင်ပွဲအားလုံးပေါင်းလိုက်မယ်ဆိုရင် ၇၁ ပွဲအထိ ဖြစ်လာနိုင်ပြီး နိုင်ငံအသင်းပွဲစဉ်တွေကို ထည့်မတွက်ထားသေးတာဖြစ်ပါတယ်။ အရွတ်ကြောဒဏ်ရာမရခင် မန်စီးတီးကွင်းလယ်လူ ရိုဒရီကိုယ်တိုင် ကစားသမားတွေအတွက် နားချိန်မရဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။ သတင်းထောက်တွေကို ဂွါဒီယိုလာက ပြောကြားရာမှာ “ဘောလုံးရာသီအတွင်းမှာ ကျွန်တော်တို့ ဒဏ်ရာပြဿနာတွေကို မျှော်လင့်ထားရပါမယ်။ ကျွန်တော်တို့မှာ အများကြီးမရှိတာကြောင့် ပြဿနာတော့ မဟုတ်ပါဘူး။
တော့တင်ဟမ် ၊ အာဆင်နယ် နဲ့ လီဗာပူးအသင်းတွေလည်း အတူတူပဲဆိုတာ မြင်နိုင်ပါတယ်။ ရီးရဲလ်လည်း အတူတူပါပဲ။ အသင်းတော်တော်များများအတွက် ကာကွယ်ဖို့အဖြေရှိလား?။
အတိတ်ကာလတုန်းက ကလော့ပ် နဲ့ ကျွန်တော်ပြောခဲ့ပါသေးတယ်။ အဲ့တာက ဘောလုံးပြက္ခဒိန်ရေးဆွဲမှုပါ။ ဒဏ်ရာပြဿနာများနေတာကို အခြားပြဿနာလို့ ကျွန်တော် မမြင်ပါဘူး။ ပရီးမီးယားလိဂ်ပွဲတွေက နည်းသွားမှာမဟုတ်သလို ကာရာဘောင်လည်း ဆက်ရှိနေမှာပါ။ အဲ့အတွက် အဖြေတစ်ခုပဲရှိပါတယ်။ အသင်းလူစာရင်းမှာ ကစားသမား ၄၀ လောက်ရှိရပါမယ်။
အဲ့တာပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း အဆိုပါကစားသမား ၄၀ အတွက် လစာ နဲ့ အပြောင်းအရွှေ့တွေက ခက်ခဲနိုင်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ စီးတီးဟာ အခြားပရီးမီးယားလိဂ်အသင်းတွေနည်းတူ လာမယ့် ၂၀၂၅ - ၂၆ ရာသီကို နောက်ကျပြီးမှ စတင်ဖို့ တောင်းဆိုခဲ့ပါတယ်။
ကလပ်ကမ္ဘာ့ဖလားဖိုင်နယ်က ဇူလိုင်လမှာမှ ပြီးဆုံးမှာဖြစ်တာကြောင့် ပရီးမီးယားလိဂ်ပြန်စမယ်ဆိုရင် ၃၄ ရက်လောက်ပဲ နားရက်ရရှိမှာဖြစ်ပါတယ်။ မတ်လနိုင်ငံတကာရက်သတ္တပတ်မတိုင်ခင် စီးတီးက ပြိုင်ပွဲ ၃ ခုမှာ ၇ ပွဲကန်ရမှာဖြစ်ပြီး တကယ်လို့ အက်ဖ်အေဖလား နဲ့ ချန်ပီယံလိဂ်မှာ နောက်တစ်ဆင့်တက်ခဲ့ရင် ၁၀ ပွဲအထိ တိုးမြှင့်လာနိုင်ပါတယ်။ ချန်ပီယံလိဂ်ကလည်း ဒီရာသီမှာ စည်းမျည်းအသစ်တွေနဲ့စတင်ခဲ့တာကြောင့် ခြေစစ်ပွဲ ၂ ပွဲကန်နေရသေးတာဖြစ်ပါတယ်။