မန်စီးတီးမှာဂိုးမသွင်းရင် အစားထိုးခံရမယ်လို့ပြောကြားလာတဲ့ ဟာလန်း
မန်ချက်စတာစီးတီးတိုက်စစ်မှူး အာလင်းဟာလန်းက သူ့အနေနဲ့ အသင်းမှာဂိုးသွင်းနိုင်ခြင်းမရှိပါက အသင်းဘက်က သူ့ကို အခြားကစားသမားနဲ့ အစားထိုးမှုတွေပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ ပရီးမီးယားလိဂ်ဂန္ထဝင်ကစားသမားဟောင်း အလန်ရှီးယားက ပရီးမီးယားလိဂ်ဂိုး ၁၀၀ အမြန်ဆုံးပြည့်မြောက်တဲ့မှတ်တမ်းသစ်ကိုရယူနိုင်ခဲ့တဲ့ ဟာလန်းထံ ဂုဏ်ပြုသတင်းစကား ပေးပို့ခဲ့ပါတယ်။ နော်ဝေလက်ရွေးစင်ဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ၁၀ ဂိုး၊ ၂၅ ဂိုးနဲ့ ၅၀ ဂိုးတို့ကို အမြန်ဆုံးသွင်းယူနိုင်ခဲ့တဲ့ ကစားသမားဖြစ်ပြီး အင်္ဂလန်ထိပ်သီးဘောလုံးလောကကို သွင်းဂိုးတွေနဲ့ လွှမ်းမိုးထားနိုင်ခဲ့ပါတယ်။
သို့သော်လည်း ယခုအခါမှာ ဟာလန်းက သူ့အနေနဲ့ လက်ရှိအချိန်မှာ ဂိုးတွေသွင်းနိုင်ပေမယ့် ဂိုးတွေမသွင်းနိုင်တဲ့အချိန်မှာတော့ အသင်းဘက်ကသူ့နေရာမှာ အခြားကစားသမားနဲ့အစားထိုးနိုင်တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ နော်ဝေလက်ရွေးစင်က "ကျွန်တော်ကမန်စီးတီးရဲ့တိုက်စစ်မှူးပါ။ ဂိုးတွေသွင်းဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင် သူတို့အခြားကစားသမားနဲ့ အစားထိုးသွားပါလိမ့်မယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ ဂိုးတွေသွင်းဖို့နဲ့ အမြဲတမ်းကြိုးစားနေဖို့ ဖိအားတွေရှိနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဟာလန်းဟာ လက်ရှိရာသီမှာတော့ ပုံမှန်ခြေစွမ်းရရှိနေပြီး ပြိုင်ပွဲစုံမှာခြေစွမ်းပြသနေကာ မန်စီးတီးအတွက် စုစုပေါင်း ဂိုး ၂၀ အထိသွင်းထားနိုင်ပါတယ်။ လောလောဆယ်မှာတော့ ဟာလန်းအတွက် သူ့နေရာကိုခြိမ်းခြောက်နိုင်တဲ့ကစားသမားမရှိသေးပေမယ့် သွင်းဂိုးတွေနဲ့ဝေးကွာလာခဲ့ရင်တော့ မန်စီးတီးမှာ ပုံမှန်နေရာရဖို့ ရုန်းကန်သွားရနိုင်ပါတယ်။
ဟာလန်းနဲ့ပတ်သက်ပြီး အလန်ရှီးယားက "ဟာလန်းက ကျွန်တော့်ရဲ့စံချိန်ကိုချိုးဖျက်နိုင်မယ်ဆိုတာ ကြိုသိပြီးသားပါ။ သံသယဝင်စရာကိုမလိုပါဘူး။ လာမယ့် ၇ နှစ် ၈ နှစ်အတွင်း ကျွန်တော့်ရဲ့စုစုပေါင်း ပရီးမီးယားလိဂ်ဂိုးသွင်းစံချိန်ကို ကျော်ဖြတ်နိုင်မယ်လို့ထင်ပါတယ်။ ဒါမှမဟုတ် အဲ့လောက်အထိမကြာတဲ့အချိန်မှာလည်း ချိုးဖျက်သွားနိုင်ပါတယ်" လို့ဝန်ခံပြောကြားခဲ့ပါတယ်။