
ရိုဒရီနဲ့ ဂွါဒီယိုလာတို့ရဲ့ကျေးဇူးကြောင့် တိုးတက်မှုတွေရှိလာကြောင်း ပြောကြားလာတဲ့ ဂွန်ဇာလက်ဇ်
မန်ချက်စတာစီးတီးကွင်းလယ်လူ နီကိုဂွန်ဇာလက်ဇ်က သူဟာ အသင်းဖော်ကွင်းလယ်ကြယ်ပွင့် ရိုဒရီနဲ့ နည်းပြပက်ဂွါဒီယိုလာတို့ကြောင့် သိသိသာသာတိုးတက်လာကြောင်း ဖွင့်ဟပြောကြားလာခဲ့ပါတယ်။ ဂွန်ဇာလက်ဇ်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ မန်စီးတီးသို့စတင်ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် အသင်းရဲ့ကွင်းလယ်ပိုင်းမှာ အဓိကနေရာပေးခံရသူဖြစ်ပြီး အရေးပါတဲ့ကစားသမားတစ်ဦးအဖြစ် ရပ်တည်ထားနိုင်ပြီဖြစ်ပါတယ်။
ဗီလာရီးရဲလ်နဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မတိုင်မီ ဂွန်ဇာလက်ဇ်နဲ့ ပတ်သက်ပြီး ဂွါဒီယိုလာက "မန်စီးတီးမှာကစားရတာ တကယ်ကောင်းပေမယ့် အရမ်းလည်းခက်ခဲပါတယ်။ ဒီအသင်းမှာ တိုးတက်နေဖို့လိုအပ်ပါတယ်။ နီကိုက လူတိုင်းဆီကနေအကောင်းဆုံးတွေရရှိဖို့ မျှော်လင့်နေသူဖြစ်တာကြောင့် သူကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်အောင်နေပါတယ်" လို့ချီးကျူးခဲ့ပါတယ်။
ဂွန်ဇာလက်ဇ်ကလည်း "ကျွန်တော် ဒီမှာအများကြီးတိုးတက်လာခဲ့ပါတယ်။ ဘောလုံးကစားနေတာ တိုးတက်ဖို့ပါ။လောလောဆယ်မှာတော့ ကျွန်တော့်ရဲ့ခြေစွမ်းက ကောင်းမွန်တဲ့အခြေအနေမှာရှိနေတယ်လို့ထင်ပါတယ်။ နည်းပြကလည်း ကျွန်တော်ပိုကောင်းဖို့လိုတယ်ဆိုတာကို အသိပေးထားပါတယ်။ ကျွန်တော် ဘာစီလိုနာမှာကစားခဲ့ဖူးပြီး ဒီမှာလည်း ပုံစံတူတဲ့အရာတွေကို မြင်တွေ့ထားပါတယ်။ ကျွန်တော်ဒီမှာ အရင်ကမကစားခဲ့ဖူးပေမယ့် မန်စီးတီးရဲ့ပုံစံက ဘာစီလိုနာနဲ့ဆင်လို့ ကျွန်တော့်အတွက် အခက်အခဲမရှိပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဂွါဒီယိုလာက သူ့ဆီကနေ ဘာတွေတောင်းဆိုထားသလဲလို့မေးမြန်းခဲ့ရာ ဂွန်ဇာလက်ဇ်က "အများကြီးပါပဲ။ ဥပမာအနေနဲ့ ကျွန်တော်ကွင်းလယ်မှာလှုပ်ရှားတဲ့အခါ ကွင်းလယ်လူတစ်ယောက်အနေနဲ့ ချိန်သားကိုက်လုပ်ဖို့လိုအပ်တာတွေနဲ့ အများကြီးပြေးလွှားရတာတွေလုပ်ဖို့ပါ။ ဒါက အရေးကြီးဆုံးအချက်ဖြစ်ပါလိမ့်မယ်"
"ကျွန်တော်သူနဲ့စကားပြောတဲ့အခါ ကျွန်တော်ဘောလုံးကိုကိုင်ကစားတာက ကိစ္စမရှိပေမယ့် ဘောလုံးကိုင်ပြီး ဘာလုပ်မယ်ဆိုတာက အရမ်းအရေးပါတယ်ဆိုတာ သူကရှင်းပြပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ရိုဒရီဂိုထံမှ အကြံဉာဏ်တွေရရှိသလားလို့မေးမြန်းခဲ့ရာမှာလည်း နီကိုဂွန်ဇာလက်ဇ်က "ပွဲစဉ်တိုင်းပါပဲ။ ပြီးခဲ့တဲ့ပွဲမှာဆို ပွဲချိန်တစ်ဝက်လောက်မှာပဲ သူက ကျွန်တော့်ကိုအကြံဉာဏ်တွေပေးပါတယ်။ ကျွန်တော့်ရဲ့နေရာမှာ ဘာတွေလုပ်ဖို့လိုအပ်တယ်ဆိုတာ သူကောင်းကောင်းသိနေပါတယ်။ သူက အသင်းခေါင်းဆောင်တွေထဲကတစ်ယောက်ပါ။ လူငယ်ကြယ်ပွင့်တွေကိုသာမက ကျွန်တော်တို့ကိုလည်းသူက လမ်းပြပေးဖို့ ကြိုးစားနေပါတယ်" လို့ဖြေကြားခဲ့ပါတယ်။