ယာဂန်ကလော့ပ်ဆီ အထူးတောင်းဆိုမှုတစ်ခု ပြုလုပ်လာတဲ့ ပက်ဂွါဒီယိုလာ
ယာဂန်ကလော့ပ်နဲ့ နည်းပြဘ၀ နောက်ဆုံးအကြိမ်ထိပ်တိုက်တွေ့ဆုံမှုဖြစ်လာနိုင်တဲ့ ပွဲစဉ်မတိုင်ခင် ပက်ဂွါဒီယိုလာက ဂျာမန်သားပြိုင်ဘက်ကြီးဆီ အထူးတောင်းဆိုမှုတစ်ခု ပြုလုပ်လာခဲ့ပါတယ်။
ပထမအကြိမ်၊ ဂျာမန်မြေမှာ ဒေါ့မွန်၊ ဘိုင်ယန်မြူးနစ်တို့ကို အသီးသီးကိုင်တွယ်ကြချိန်ကတည်းက သမိုင်းတလျှောက်အကောင်းဆုံးနည်းပြစာရင်းမှာ ပါဝင်သူနှစ်ဦးအဖြစ် ယာဂန်ကလော့ပ်နဲ့ ပက်ဂွါဒီယိုလာတို့ကို ဘောလုံးပရိသတ်တွေက သတ်မှတ်ထားခဲ့ကြပါတယ်။
သူတို့နှစ်ဦးရဲ့ယှဉ်ပြိုင်မှုက အင်္ဂလန်မြေမှာလည်း မန်စီးတီး၊ လီဗာပူးတို့နဲ့အတူ ဆက်လက်ပေါ်ထွန်းလာခဲ့ပြီး ဆုဖလားတွေအတွက် ပြိုင်ဆိုင်ရင်း အင်္ဂလန်ဘောလုံးလောကရဲ့ခေတ်သစ်တစ်ခုကို အတူတကွ တည်ထောင်ခဲ့ကြပါတယ်။
ပက်ဂွါဒီယိုလာရဲ့အသင်းနဲ့ ယာဂန်ကလော့ပ်ရဲ့အသင်းတို့က နောက်ဆုံးခြောက်ရာသီအတွင်း ပရီးယားလိဂ်ချန်ပီယံဆုတွေကို သိမ်းပိုက်ထားခဲ့ကြပါတယ်။
အခုလိုပြိုင်ဆိုင်မှုတွေကြောင့် ကြီးမားတဲ့ဖိအားတွေကို အသီးသီးရင်ဆိုင်ခဲ့ရပေမယ့် ပက်ဂွါဒီယိုလာနဲ့ ယာဂန်ကလော့ပ်တို့အကြား အချင်းချင်း အပြန်အလှန်လေးစားမှုကတော့ အချိန်တိုင်း ရှိနေခဲ့ပါတယ်။
အခုဘောလုံးရာသီကုန်မှာ ယာဂန်ကလော့ပ်ထွက်ခွာဖို့ရှိနေခြင်းနဲ့အတူ ဒီည၊ အန်ဖီးလ်ကွင်းမှာ သူတို့နှစ်သင်းအတွက် အင်္ဂလန်မြေနည်းပြဘဝနောက်ဆုံးပွဲစဉ်ကို ရင်ဆိုင်ယှဉ်ပြိုင်ကစားကြရပါမယ်။
ဒါကြောင့် နောက်ဆုံးမှာတော့ ပက်ဂွါဒီယိုလာက ယာဂန်ကလော့ပ်နဲ့အတူ ထမင်းလက်ဆုံစားကြဖို့ ဆန္ဒရှိလာခဲ့ပါတယ်။
ကတ္တလန်သားနည်းပြကြီးက “တခါတလေ သတင်းစာရှင်းလင်းပွဲမစတင်ခင် ကျွန်တော်တို့တွေ စင်္ကြံလမ်းမှာ စကားပြောဖြစ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေက ပရီးမီးယားလိဂ် Hall of Fame မှာ ဂုဏ်ပြုမှုတွေ ရရှိပြီးချိန်တိုင်း မိသားစုနဲ့ပဲ အချိန်ဖြုန်းခဲ့ကြပါတယ်။ နေ့လည်စာစားတာပဲဖြစ်ဖြစ်၊ ညစာစားတာပဲဖြစ်ဖြစ် အတူမစားခဲ့ဖူးပါဘူး။
ဘယ်သူဒကာခံရမလဲဆိုတာတော့ ကျွန်တော်တို့တွေ ဆုံးဖြတ်ပေးကြရပါမယ်။ ဒါကြောင့်ပဲ ကျွန်တော်တို့ အခုလို ထမင်းလက်ဆုံစားတာကို မလုပ်နိုင်ကြသေးတာပါ။ ဒါမျိုး အတူတကွလက်ဆုံစားကြဖို့ မနှေးအမြန် ဖြစ်လာနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒါကို သဘောကျမိပါလိမ့်မယ်”လို့ ပြောပါတယ်။
ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းမှာ ကလော့ပ်က လီဗာပူးနည်းပြဘ၀ ကိုးနှစ်ကြာဇာတ်လမ်းကို လက်ရှိဘောလုံးရာသီကုန်မှာ တစ်ခန်းရပ်တော့မယ်လို့ ကြေညာခဲ့ပြီး ဂွါဒီယိုလာက သူ့ဆီ ဖုန်းဖြင့် သတင်းမေးလာခဲ့ပါတယ်။
အသက်-၅၆ နှစ်အရွယ်နည်းပြကြီးက သူနဲ့ ပက်ဂွါဒီယိုလာတို့အကြား ဆက်ဆံရေးကို ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုအဖြစ် သတ်မှတ်ဖို့ အာမ,မခံပေမယ့် အနာဂတ်မှာတော့ သူတို့နှစ်ဦးအကြား တွေ့ဆုံမှုတစ်ခုရှိလာဖို့ မျှော်လင့်နေပြန်ပါတယ်။
ကလော့ပ်က “သက်ဆိုင်ရာကလပ်အသင်းတွေမှာ တာဝန်ထမ်းဆောင်နေချိန်ကာလအတွင်း ကျွန်တော်တို့တွေမှာ ရင်းနှီးတဲ့ဆက်ဆံရေးတစ်ခု ဘာကြောင့်ရှိသင့်တာလဲ?
ဒီကာလတွေ ကျော်လွန်ပြီးသွားရင်တော့ ကျွန်တော်တို့တွေ ပြန်လည်ဆုံတွေ့ကြပြီး အတိတ်ကာလအကြောင်းအရာတွေကို ကျွန်တော်တို့အချင်းချင်းအကြား မျှဝေနိုင်မယ့် အချိန်တွေ ရှိကောင်းရှိလာပါလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီလိုဆုံတွေ့မှုတွေက အနာဂတ်မှာသာ ဖြစ်လာပါလိမ့်မယ်။ ဘယ်အချိန်လဲဆိုတာတော့ ကျွန်တော်ကိုယ်တိုင်လည်း မသိသေးပါဘူး”လို့ ပြောပါတယ်။
လက်ရှိမှာ လီဗာပူးက မန်စီးတီးထက် တစ်မှတ်အသာရရှိထားပါတယ်။