
ယူနိုက်တက်မှာ အခက်အခဲတွေများပြားနေပေမယ့် နောက်ကွယ်ကနေ ကြိုးစားဖြေရှင်းနေကြောင်း ပြောကြားလာတဲ့ အာမိုရင်
မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းဟာ အခက်အခဲတွေနဲ့ တောက်လျှောက် ရုန်းကန်နေရပေမယ့် ပြဿနာတွေကို ပြေလည်ဖို့ နောက်ကွယ်ကနေကြိုးစားဖြေရှင်းနေကြောင်း ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။ အဲဗာတန်နဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ အာမိုရင်က အသင်းရဲ့ လေ့ကျင့်ရေးအစီအစဉ်မှာ တိုးတက်မှုတွေရှိနေကြောင်း အသိပေးပြောကြားလာခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် ပေါ်တူဂီသားနည်းပြက တစ်ခါတစ်ရံမှာ သူ့အနေနဲ့ အသင်းကို မတိုးတက်ဘူးလို့ ခံစားရမိတယ်လို့လည်း ဆိုပါတယ်။
အာမိုရင်က “တစ်ခါတလေမှာ အသင်းက တိုးတက်မှုမရှိဘူးလို့ ခံစားရတာတွေရှိပါတယ်။ အချို့ပွဲတွေမှာဆို အခက်အခဲတွေပိုများတယ်လို့ ခံစားရတာပါ။ ဒါပေမယ့် အခက်အခဲတွေကိုဖြေရှင်းဖို့အတွက်လည်း အခြေအနေတွေ ဖန်တီးနိုင်တယ်လို့ ယုံကြည်ပါတယ်။ ဒါက ကောင်းတဲ့အချက်ပါ။ ဒါပေမယ့် ပရိသတ်တွေအနေနဲ့လည်း အသင်းဟာ အချို့ပွဲတွေမှာ ပိုကောင်းလာတာထက် ပိုဆိုးနေတာကို မြင်တွေ့ရပါလိမ့်မယ်။ ကျွန်တော်တို့ လိုအပ်နေတာ တသမတ်တည်းဖြစ်နေဖို့ပါပဲ”
“လောလောဆယ်မှာ အရေးကြီးဆုံးက အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေပါ။ လေ့ကျင့်ရေးကွင်းမှာ တိုးတက်မှုတွေရှိနေပြီး ကစားသမားတွေအနေနဲ့ နားလည်မှုတွေတည်ဆောက်ထားနိုင်ပြီဆိုတာ မြင်တွေ့ထားရပါတယ်။ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံကို ရောက်ရှိဖို့ အရမ်းနီးစပ်နေပါပြီ။ ဒါကိုသိဖို့ဆိုရင် အသင်းရဲ့ လေ့ကျင့်ရေးကွင်း ပတ်ဝန်းကျင်ကို လာကြည့်မှပဲရပါမယ်။ ကျွန်တော်တို့ ပြောင်းလဲနေပါပြီ။ လေ့ကျင့်ရေးကွင်းက ခြေစွမ်းတွေကို ပွဲထဲမှာ အသုံးပြုနိုင်ဖို့ အရေးကြီးပါတယ်” လို့ပြောကြားခဲ့ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလမှာ အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိလာခဲ့တဲ့ အာမိုရင်ဟာ ယူနိုက်တက်ကို ရလဒ်ကောင်းတွေထွက် ရလဒ်ဆိုးတွေပိုမိုရရှိအောင်သာ စွမ်းဆောင်ပေးထားနိုင်ပြီး ၉ ပွဲအထိ ရှုံးပွဲကြုံတွေ့ထားစေပါတယ်။ ယူနိုက်တက်မှာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ ပွဲအထိ ကိုင်တွယ်ထားပေမယ့် အာမိုရင်ဟာ နိုင်ပွဲ ၄ ပွဲသာရရှိအောင် စွမ်းဆောင်ပေးထားနိုင်တာဖြစ်ပါတယ်။
အာမိုရင်ဟာ ယူနိုက်တက်အတွက် လေ့ကျင့်ရေးအစီအစဉ်တွေမှာသာ အလုပ်ပိုလုပ်နေပုံပေါ်ပြီး အသင်းသို့စတင်ရောက်ရှိချိန်မှာပဲ လေ့ကျင့်ရေးကွင်းမှာ အရည်အသွေးမပြည့်မီတဲ့ တိုက်စစ်မှူး မားကပ်စ်ရက်ရှ်ဖို့ဒ်ကို လူစာရင်းကနေ ကာလရှည်ထုတ်ပယ်ခဲ့ပါတယ်။ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာအထိကျဆင်းသွားပြီဖြစ်တဲ့ယူနိုက်တက်ဟာ စနေနေ့မှာတော့ အသင်းရဲ့နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကိုင်တွယ်နေတဲ့ အဲဗာတန်ကို ဂူဆင်ပါ့ခ်မှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး နိုင်ပွဲပြန်လည်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။