The network connection is lost.

Banner Image

ဖောရက်စ်ကြယ်ပွင့် ဂစ်ဝှိုက်ကို အင်္ဂလန်အသင်းမှာရွေးချယ်ဖို့ တူချယ်လ်ကို အကြံပေးလာတဲ့ ကော်လီမိုး

လီဗာပူးဂန္ထဝင်ကစားသမားဟောင်း စတန်ကော်လီမိုးက အင်္ဂလန်လက်ရွေးစင်နည်းပြ သောမတ်စ်တူချယ်လ်အနေနဲ့ အသင်းမှာ နော်တင်ဟမ်ဖောရက်စ်ကြယ်ပွင့် မော်ဂန်ဂစ်ဝှိုက်ကိုရွေးချယ်သင့်ကြောင်း အကြံပေးပြောကြားလာခဲ့ပါတယ်။

မကြာသေးမီကမှ အင်္ဂလန်အသင်းမှာ စတင်ရွေးချယ်ခံလာရတဲ့ ဂစ်ဝှိုက်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာတော့ လူစာရင်းကနေ ချန်လှပ်ခံခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားစတင်ဖို့က ၅ လခန့်သာလိုအပ်တော့တာကြောင့် ဂစ်ဝှိုက်အနေနဲ့ လက်ရှိခြေစွမ်းကို အကောင်းဆုံးထိန်းသိမ်းပြီး တူချယ်လ်ရဲ့အသင်းမှာ ပါဝင်နိုင်ဖို့ ကြိုးစားရမှာဖြစ်ပါတယ်။

အသက်-၂၅ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဒီရာသီမှာ နော်တင်ဟမ်ဖောရက်စ်အတွက် အထူးခြေစွမ်းပြနေပြီး ၂၂ ပွဲကစားပြီးချိန်မှာ ၅ ဂိုးသွင်းယူပေးထားပါတယ်။ ယခုအခါမှာ အင်္ဂလန်ရဲ့ကွင်းလယ်ပိုင်းနဲ့ပတ်သက်ပြီး ကော်လီမိုးက "ဂျုဒ်ဘယ်လင်ဟမ်ကတော့ မဖြစ်မနေရွေးရမယ့်အထဲမှာပါပါတယ်။ ဒါပေမယ့် ဂစ်ဝှိုက်ကလည်း အသင်းလူစာရင်းထဲမှာတော့ ရှိနေသင့်တယ်ထင်ပါတယ်။ ဒါက နည်းနည်းတော့ ရူးကြောင်ကြောင်နိုင်တယ်လို့ထင်ရပေမယ့် ဂစ်ဝှိုက်က အသင်းအတွက်မတူညီတဲ့အရာတွေ ယူဆောင်ပေးနိုင်သူပါ"

"အင်္ဂလန်မှာရှိတဲ့ကွင်းလယ်လူတွေကိုကြည့်မယ်ဆိုရင် ဒီကလန်ရိုက်စ်၊ အဲလီယော့အန်ဒါဆန်၊ အဒမ်ဟွာတန်နဲ့ ဘယ်လင်ဟမ်တို့ရှိပါတယ်။ ဂစ်ဝှိုက်အနေနဲ့ သူတို့နဲ့ယှဉ်ပြိုင်နိုင်ဖို့လိုပါတယ်။ ပြီးတော့ ဖိုဒန်ကလည်း ကွင်းလယ်မှာဆော့တော့ စုစုပေါင်း ၆ ယောက်လောက်ဖြစ်နေပါတယ်"

"တူချယ်လ်အနေနဲ့ တိုက်စစ်ပိုင်းကို ပိုပြီးတော့အားဖြည့်ချင်နေလားမသိပါဘူး။ ဒီလိုဆိုရင်သူ ကွင်းလယ်လူတစ်ယောက်ကိုတော့ ချန်ထားခဲ့ရပါလိမ့်မယ်။ တူချယ်လ်က ဂျွန်စတုန်းလို နောက်တန်းကနေ ဘောလုံးဆွဲတက်ပြီး ကွင်းလယ်လူတစ်ယောက်လိုကစားပေးနိုင်တဲ့ လူမျိုးကိုသဘောကျတတ်သူပါ" လို့ပြောကြားခဲ့ပါတယ်။ 

ဂစ်ဝှိုက်ဟာ လက်ရှိအချိန်မှာတော့ အင်္ဂလန်အသင်းအတွက် စုစုပေါင်း ၆ ပွဲသာပါဝင်ကစားခွင့်ရထားပြီး လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရဖို့ အစွမ်းကုန်ကြိုးစားသွားရမှာဖြစ်ပါတယ်။ လက်ရှိအင်္ဂလန်အသင်းရဲ့ကွင်းလယ်မှာ ကမ္ဘာ့အဆင့် ကြယ်ပွင့်ကစားသမားတွေ အများအပြားရှိနေတာကြောင့် ဂစ်ဝှိုက်အနေနဲ့ လက်ကျန်ရာသီမှာ အထူးခြေစွမ်းပြသဖို့ လိုအပ်နေမှာဖြစ်ပါတယ်။