
မာဆေးလ်ကို ဂိုးပြတ်အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တဲ့ အမ်ဘာပေ
ပြင်သစ်လီဂူးဝမ်းပွဲစဉ် တစ်ပွဲအဖြစ် ချန်ပီယံဆုကာကွယ်နိုင်ရေးအတွက် တာစူနေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ မာဆေးလ်အသင်းတို့ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ပွဲစဉ်တွင် ပီအက်စ်ဂျီအသင်းက ၄ဂိုး - ၀ဂိုး ရလဒ်ဖြင့် အနိုင်ရခဲ့ပေမဲ့ ပွဲစဉ်အတွင်းမှာ အဓိက အားထားရတဲ့ တိုက်စစ်ကစားသမား အမ်ဘာပေက ဒဏ်ရာရခဲ့တာကြောင့် နယူးကာဆယ်နဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။
ပီအက်စ်ဂျီအသင်းရဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ အဆိုပါပွဲစဉ်မှာ နည်ပြ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းက အမ်ဘာပေ အပါအဝင် အတောင့်တင်းဆုံး လူစာရင်းနဲ့ ပွဲထွက်လာခဲ့ပြီး ကိုလူမူအာနီ၊ ဂွင်ကာလိုရာမို့စ် (၂ဂိုး) နဲ့ ဟာခီမီတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ သက်သောင့်သက်သာ အနိုင်ရခဲ့တာဖြစ်ပါတယ်။ အမ်ဘာပေအနေဖြင့် ပွဲထွက်ပါဝင်လာခဲ့ပေမဲ့ ပထမပိုင်း ပွဲကစားချိန် ၃၂ မိနစ်မှာ အခြားကလပ်အသင်းဖော်ဖြစ်တဲ့ မာဆယ်လိုရာမို့စ်နဲ့ လူစားလဲလှယ်ခဲ့ရတဲ့ အထိ ဒဏ်ရာအခြေအနေက ပြင်းထန်ခဲ့တာလည်း ဖြစ်ပါတယ်။
ပဲရစ်ကလပ်အနေဖြင့် လိုအပ်နေတဲ့ နိုင်ပွဲဖော်ဆောင်နိုင်ခဲ့ပေမဲ့ ပြင်သစ်ကြယ်ပွင့် အမ်ဘာပေက ခြေကျင်းဝတ်ဒဏ်ရာ ရကာ ပထမပိုင်းအတွင်းမှာ လူစားလဲခဲ့ရပြီး ကစားသမားရဲ့ အနားယူရမယ့် အချိန်ကာလကြောင့် နယူးကာဆယ်အသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ် အုပ်စုပွဲစဉ်တွင်ပါ လွဲချော်နိုင်တာလည်း ဖြစ်ပါတယ်။
မာဆေးလ်နဲ့ပွဲစဉ်တွင် နိုင်ပွဲရခဲ့တဲ့ ပီအက်စ်ဂျီအသင်းက ပွဲစဉ် ၆ ပွဲ ကစားပြီးချိန်တွင် ရမှတ် ၁၁ မှတ်အထိ စုဆောင်းနိုင်ခဲ့ကာ အမှတ်ပေးဇယားကို အံ့အားသင့်ဖွယ် ဦးဆောင်နေတဲ့ ဘရက်စ်အသင်းနဲ့ ရမှတ် ၂ မှတ်အကွာဖြင့် ဆက်လက်ဖိအားပေးကာ အဆင့် ၃ နေရာတွင် ရပ်တည်ခွင့်ရခဲ့တာလည်း ဖြစ်ပါတယ်။
နည်းပြ လူးဝစ်အန်းနရစ်ရဲ့ ပီအက်စ်ဂျီအသင်းက လာမယ့် လီဂူးဝမ်းပွဲစဉ်တွင် ကလာမောင့်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ကစားရမှာပဲ ဖြစ်ပါတယ်။