
အတ္တလန္တာရဲ့ဖိအားပေးကစားဟန်ကြောင့် အခက်ကြုံခဲ့တယ်လို့ ဝန်ခံပြောဆိုလိုက်တဲ့ လူးဝစ်အင်းနရစ်
ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ်က အတ္တလန္တာအပေါ် ၄-၀ ဂိုးဖြင့် အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အတွင်း ပြိုင်ဘက်ရဲ့ဖိအားပေးကစားဟန်ကြောင့် အခက်ကြုံခဲ့တယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။ လက်ရှိဥရောပချန်ပီယံက အခုပွဲစဉ်ရဲ့ပွဲအစမိနစ်ပိုင်းမှာတင် မာကွင်ဟို့စ်ရဲ့သွင်းဂိုးနဲ့ ဦးဆောင်ထားနိုင်လို့ စိတ်ကျေနပ်စရာစတင်မှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ အတ္တလန္တာဂိုးသမားကာနီဆက်ချီရဲ့လက်စွမ်းက ဘာကိုလာရဲ့ပယ်နယ်တီကန်ချက်အပါအဝင် ပီအက်စ်ဂျီရဲ့နောက်ထပ်ကြိုးပမ်းမှု ကို တားဆီးနိုင်ခဲ့လို့ စိတ်စနိုးစနောင့်ဖြစ်ရပေမဲ့ ခဗာရက်စ်ခီလီယာ၊ နူနိုမန်ဒက်စ်၊ ဂွန်ကာလိုရာမို့စ်တို့ရဲ့သွင်းဂိုးတွေကြောင့် သက်သောင့်သက်သာအနိုင်ရရှိခဲ့ပါတယ်။
Sky Sport Italia နဲ့တွေ့ဆုံချိန် လူးဝစ်အင်းနရစ်က “ ရုပ်ပိုင်းဆိုင်ရာကြံ့ခိုင်မှုအားကောင်းသလို နည်းစနစ်ပိုင်းလည်း ကောင်းမွန်တဲ့ အတ္တလန္တာလိုပြိုင်ဘက်နဲ့ရင်ဆိုင်ရချိန် ကျွန်တော်တို့အသင်းကစားဟန်ကို ထင်ဟပ်စေမယ့် အလွန်ကောင်းမွန်တဲ့စတင်မှုတစ်ခုဖြစ်မယ်လို့ ထင်ပါတယ်။ သူတို့တွေက ကျွန်တော်တို့ကို ဖိအားပေးပြီး ပြဿနာတွေ ပေါ်ပေါက်စေခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရမ်းကောင်းတဲ့ ပုံစံတစ်ခုနဲ့အတူ နိုင်ပွဲကို ထိုက်ထိုက်တန်တန်ပုံဖော်နိုင်ခဲ့ပါတယ်”လို့ ပြောပါတယ်။
ယမန်နှစ်ဘောလုံးရာသီ၊ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲခဲ့တဲ့ ပီအက်စ်ဂျီက အုပ်စုအဆင့်ပွဲစဉ်တွေကစားနေချိန် ပြိုင်ပွဲမှထွက်ခွာရဖို့ အတော်လေးနီးစပ်ခဲ့သလို ရှုံးထွက်အဆင့်တက်ရောက်နိုင်ဖို့အတွက် Play-offs ကို ကျော်ဖြတ်ခဲ့ရပါတယ်။ စပိန်သားနည်းပြက “ တက်နိုင်သလောက် ခရီးရောက်သွားစေဖို့ မျှော်လင့်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ပွဲစဉ်ဇယားရေးဆွဲမှုက အတားအဆီးတစ်ခုလိုဖြစ်နေပါတယ်။ ဒါပေမဲ့ ယမန်နှစ်ဘောလုံးရာသီကို ပြန်ကြည့်လိုက်မယ်ဆိုရင် ကျွန်တော်တို့တွေ အဖွင့်ပွဲစဉ်အနိုင်ရရှိပြီးနောက် နိုင်ပွဲတွေရပ်တန့်သွားခဲ့တယ်ဆိုတာ အမှန်ပါပဲ။ ဒါ ပိုကောင်းပါတယ်။ ကျွန်တော်တို့အတွက် အကောင်းမွန်ဆုံးစတင်ထားဖို့လိုအပ်တယ်ဆိုတာ အားလုံးသိရှိလာကြပြီး ထိုက်တန်တဲ့နိုင်ပွဲတစ်ခု ဖြစ်လာခဲ့ပါတယ်”လို့ ပြောပါတယ်။
ပီအက်စ်ဂျီက အခုသီတင်းပတ်ကုန်ပိုင်းမှာ ဒီဇာဘီဦးဆောင်တဲ့ မာဆေးလ်နဲ့ လီဂူးဝမ်းပွဲကြီးပွဲကောင်းကို ဆင်နွှဲသွားရပါမယ်။ လူးဝစ်အင်းနရစ်က “ ဒီလိုဂန္တဝင်ပွဲစဉ်မျိုးမှာ ဘယ်လိုယှဉ်ပြိုင်မှုမျိုးရှိတယ်ဆိုတာ ကျွန်တော်တို့အားလုံး သိကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကိုယ်တိုင်လည်း ကိုယ့်ရဲ့အကောင်းဆုံးပုံစံနဲ့ကစားဖို့ အဆင်သင့်ဖြစ်နေပါပြီ”လို့ ပြောပါတယ်။