The network connection is lost.

Banner Image

လူးဝစ်အင်းနရစ်နှင့် ဘာပတ်သက်မှုမှ မရှိတော့ကြောင်း စပိန်နည်းပြဟောင်း မော်ရင်နို ပြော

ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်နဲ့ သူ့ရဲ့ဆက်ဆံရေးဟာ အခုအချိန်မှာတော့ လုံးဝမရှိတော့ဘူးလို့ ရောဘတ်တို မော်ရီနိုက ဝန်ခံပြောကြားလိုက်ပါတယ်။ မော်ရီနိုဟာ စပိန်အသင်းမှာ လူးဝစ်အင်းနရစ်ရဲ့ လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးသူဖြစ်ပေမဲ့ အဲဒီကာလအတွင်းမှာ သူတို့နှစ်ဦး စိတ်ဝမ်းကွဲခဲ့ကြတာဖြစ်ကြောင်း ဖွင့်ဟခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က ပုဂ္ဂိုလ်ရေးဆိုင်ရာကိစ္စရပ်တွေကြောင့် လက်ရွေးစင်အသင်းကနေ ခေတ္တအနားယူခဲ့ရပြီး မော်ရီနိုက နည်းပြချုပ်အဖြစ် တာဝန်ယူခဲ့ရတဲ့အချိန်မှာ သူတို့ရဲ့ဆက်ဆံရေးက ပျက်ပြားသွားခဲ့တာပါ။ "သူနဲ့ စကားပြောဖို့ဆိုတာ မဖြစ်နိုင်တော့တဲ့ အနေအထားပါ" လို့ ဆိုချီအသင်းနည်းပြဟောင်း မော်ရီနိုက အခုအခါမှာ ပြန်လည်ပြောပြလာပါတယ်။

"သူနဲ့ တိုက်ရိုက်စကားပြောဖို့ မဖြစ်နိုင်တာကြောင့် သူ့ရဲ့ စိတ်ပညာရှင်ကတစ်ဆင့် သွယ်ဝိုက်ပြီး စကားပြောခဲ့ရပါတယ်။ သူ ခွင့်ပြုချက်ပေးမှသာ ကျွန်တော် ဒီတာဝန်ကို ဆက်လုပ်သွားမှာဖြစ်ကြောင်း ပြောခဲ့သလို၊ သူကလည်း ခွင့်ပြုခဲ့ပါတယ်" လို့ ဆိုပါတယ်။ သူက ဆက်လက်ပြီး "ကျွန်တော် သိထားတဲ့ အချက်အလက်တွေ အများကြီးရှိပေမဲ့ တခြားသူတွေဆီကတစ်ဆင့် ကြားခဲ့ရတာဖြစ်လို့ သူတို့ကို လေးစားတဲ့အနေနဲ့ ထုတ်မပြောတော့ပါဘူး။ လူတွေ ကြိုက်သလို အဓိပ္ပာယ်ကောက်နိုင်ပါတယ်။ အဖြစ်မှန်ထက် လုပ်ကြံဖန်တီးထားတဲ့ ဇာတ်လမ်းတွေက ပိုပြီး အားကောင်းနေတတ်တယ်ဆိုတာကို ကျွန်တော် သဘောပေါက်သွားခဲ့ပါပြီ" လို့ ပြောကြားခဲ့ပါတယ်။

လူးဝစ်အင်းနရစ်ရဲ့ သမီးဖြစ်သူ ကွယ်လွန်သွားခဲ့တဲ့ ဝမ်းနည်းစရာဖြစ်ရပ်အပြီးမှာ မော်ရီနိုက သူ့အိမ်ကို သွားရောက်ခဲ့ကြောင်းနဲ့ အများရှေ့မှာ သူပြောခဲ့တဲ့အတိုင်း (လူးဝစ်အင်းနရစ် ပြန်လာရင် ရာထူးလွှဲပေးမယ်ဆိုတဲ့ကတိ) ကတိတည်မှာဖြစ်ကြောင်း သွားပြောခဲ့ပေမဲ့ ဖြစ်မလာခဲ့တဲ့ အခြေအနေကိုလည်း အခုလို ပြန်ပြောင်းသတိရခဲ့ပါတယ်။ "ကျွန်တော် ပြောခဲ့တဲ့အတိုင်း ကတိတည်မယ်လို့ သူ့ကို သွားပြောခဲ့ပါတယ်။ ဒါပေမဲ့ သူကတော့ ကျွန်တော့်ကို နောက်ထပ် အားကိုးတော့မှာမဟုတ်ကြောင်းနဲ့ သူ့အသင်းမှာ ဘယ်တော့မှ အတူတူ ပြန်လုပ်မှာမဟုတ်တော့ဘူးလို့ ပြောခဲ့ပါတယ်" လို့ ဆိုပါတယ်။

အဲဒီနေရာမှာတင် သူတို့ရဲ့ ဆက်ဆံရေးက အဆုံးသတ်သွားခဲ့တာပါ။ သမီးဖြစ်သူ ဆုံးရှုံးခဲ့ရတဲ့ ကြေကွဲမှုတွေကနေ ပြန်လည်သက်သာလာတဲ့အခါ လူးဝစ်အင်းနရစ်က စပိန်အသင်းဆီ ပြန်လာခဲ့ပေမဲ့ မော်ရီနိုကိုတော့ လက်ထောက်နည်းပြအဖြစ် ဆက်လက်ခေါ်ယူခြင်း မရှိတော့ပါဘူး။

"လူတွေက ကျွန်တော့်ကို ရာထူးနေရာကို အတင်းအကျပ် ဖက်တွယ်ထားချင်တဲ့ လူဆိုးတစ်ယောက်လိုမျိုး ပုံဖော်ခဲ့ကြပါတယ်" လို့ ဘောလုံးသမားဟောင်း မာရီယို ဆွာရက်ဇ်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူက ပြောပါတယ်။ "အဲဒီတုန်းက ကျွန်တော် သူ့ဆီ သွားမတွေ့ခဲ့ဘူးဆိုတဲ့ အခြေအမြစ်မရှိတဲ့ အချက်အလက်တွေ အများကြီး ထွက်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော်တို့ဟာ သူပြောသမျှ အရာရာကို လေးစားလိုက်နာခဲ့ကြတာပါ။ ပုဂ္ဂိုလ်ရေးအရတော့ ဒါဟာ တကယ်ကို စိတ်မကောင်းဖြစ်ရပြီး ခက်ခဲတဲ့ အချိန်တွေပါပဲ" လို့ မော်ရီနိုက ပြောကြားခဲ့ပါတယ်။