အမ်ဘာပေပြန်ကစားနိုင်မယ့်အချိန်ကို အတိအကျမပြောနိုင်သေးတဲ့ အာဘီလိုအာ
ရီးရဲလ်မက်ဒရစ်နည်းပြအာဘီလိုအာက အသင်းအတွက် အမ်ဘာပေပြန်ကစားနိုင်မယ့်နေ့ရက်ကို အတိအကျ မပြောနိုင်သေးဘူးလို့ ဝန်ခံပြောကြားလိုက်ပါတယ်။
လတ်တလောမှာ ပြင်သစ်တိုက်စစ်မှူးက ဒူးဒဏ်ရာကြောင့် အနားယူနေရပါတယ်။
အမ်ဘာပေက ကြားရက်၊ ဘင်ဖီကာနဲ့ချန်ပီယံလိဂ်ပွဲစဉ်ကို လွဲချော်ခဲ့သလို ဒီညကစားမယ့် လာလီဂါပွဲစဉ်ကိုလည်း လွဲချော်ဖို့ ရှိနေပါတယ်။
ပြင်သစ်တိုက်စစ်မှူးက ဘင်ဖီကာနဲ့ပွဲစဉ်မတိုင်ခင် လေ့ကျင့်ရေးဆင်းနေချိန် သူ့ရဲ့ဒူးဒဏ်ရာအခြေအနေကို စတင်ပြောဆိုလာခဲ့ပြီး အဲဒီနောက်မှာတော့ သူ့ကို လူစာရင်းမှထုတ်ပယ်ကာ အနားပေးသွားဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။
အာဘီလိုအာက "ကျွန်တော်တို့က အမ်ဘာပေကို ရာနှုန်းပြည့်ကြံ့ခိုင်မှု ရှိစေချင်ပါတယ်။ သူ့ရဲ့ ကြံ့ခိုင်မှု အခြေအနေ အကောင်းဆုံးဖြစ်လာတာနဲ့ သူ ပြန်ကစားပါလိမ့်မယ်။ သူ့ရဲ့အခြေအနေကို ကျွန်တော်တို့ သေချာသိသလို အခုလောလောဆယ် ကျွန်တော်တို့အလိုချင်ဆုံးအရာက အမ်ဘာပေကိုယ်တိုင် ဒဏ်ရာမှ အမြန်ဆုံးအပြည့်အ၀သက်သာလာဖို့ပဲ ဖြစ်ပါတယ်" လို့ ပြောကြားခဲ့ပါတယ်။